ပလက်ဝမြို့နယ်က ဒေသခံ ကလေးအမေတစ်ဦးကို AA တပ်ဖွဲ့၀င် ၂ ဦးက မုဒိန်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့တယ်လို့ သိရ

ဧပြီလ ၁၉ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ခူမီးချင်းလူမျိုး အသက် ၂၅ နှစ်အရွယ် ကလေးမိခင်တစ်ဦးကို ဧပြီလ ၅ ရက်နေ့က အာရက္ခတပ်တော် (AA) အရာရှိအဆင့်ရှိသူ ၁ ဦးနဲ့ တပ်သား ၁ ဦးက မုဒိန်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့ပေမယ့် အဆိုပါကလေးမိခင် အသက်ဘေးက သီသီလေးလွတ်ခဲ့တယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်မှာ စိမ်းစင်းရွာကနေ ၁၀ မိနစ်လောက်ဝေးတဲ့ ခရမ်းခင်းသွားတဲ့ အသက် ၂၅ နှစ်အရွယ် အိမ်ထောင်သည် ကလေးမိခင်တစ်ဦးကို အသက် ၃၀ ဝန်းကျင်ရှိတဲ့ AA အရာရှိတစ်ဦး နဲ့ တပ်သားအဆင့်ရှိသူ ၁ ဦးက မုဒိန်းကျင့်ပြီး ခရမ်းခင်းအနားမှာရှိတဲ့ စိမ်းစင်းချောင်းထဲခေါင်းနှစ်သတ်ဖို့ ကြိုးစားနေချိန် အခင်းသွားတာကြာလို့ စိတ်မချဘဲ လိုက်လာတဲ့ သူမရဲ့ ယောက္ခမက တွေ့ပြီးလှမ်းအော်လိုက်တဲ့အချိန် AA တပ်ဖွဲ့ဝင်၂ ဦးက သူမကိုတွန်းလွှင့်လိုက်လို့ အသက်မသေတာလို့ မုဒိန်းကျင့်ခံရတဲ့ မိသားစုနဲ့ နီးစပ်သူတွေပြောပြချက်အရ သိရပါတယ်။

ဒေသခံတစ်ဦးက “ အခုမုဒိန်းအကျင့်ခံရလို့ အသက်ဘေးကနေ သီသီလေးလွတ်သွားတဲ့သူမှာ ၂ နှစ်ကျော်နို့စို့တဲ့အရွယ် ကလေးတစ်ဦးရှိတယ်၊ သူူ့အမျိုးသားက လက်ရှိ မလေးရှားမှာနေတယ်၊ အဲဒီမုဒိန်းကျင့်ပြီး သတ်ဖို့ကြိုးစားတဲ့ AA တပ်သား ၂ ဦးကို AA တပ်ဖွဲ့က ဖမ်းဆီးချုပ်ထားတယ်လို့ ဒေသခံတစ်ချို့ကတော့ပြောတယ် နောက်ပိုင်းဘယ်လို အရေးယူဆောင်ရွက်တာလည်းဆိုတာ မသိရဘူး၊ ဖမ်းဆီးချုပ်တယ်ဆိုတာရော သေချာမှုရှိလာ အဲဒါတွေကတော့ သေချာမသိရဘူး” လို့ပြောပါတယ်။

ပလက်ဝမြို့ အောက်နားမှာတည်ရှိတဲ့ စိမ်းစင်းကျေးရွာအုပ်စုဟာ အိမ် ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ ကျေးရွာကြီးဖြစ်သလို ချင်းလူမျိုးအများစုနေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

စိမ်းစင်းကျေးရွာနေ ဒေသခံကလေးအမေတစ်ဦးကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် ၂ ဦးက မုဒိန်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့တဲ့ဖြစ်စဉ်နဲ့ပက်သက်ပြီး အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို မ နေ့ ဧပြီလ ၁၈ ရက်ကတည်းကနေ Chin World Media က ဆက်သွယ်ထားပေမယ့် လက်ရှိအချိန်ထိတော့ ပြန်လည်ဖြေကြားတာမျိုးမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်က အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာလည်း ဟင်းရှာထွက်စဉ် သေလုမျောပါး အကြမ်းဖက်ခံရပြီး ဆေးရုံပို့ကာ ဆေးကုသမှုခံယူခဲ့ရပြီး ကုတ်ခြစ်ရာတွေ ညှိမဲဒဏ်ရာတွေအပြင် ဆီးလမ်းကြောင်းဝေဒနာ ခံစားခဲ့ရတာလို့ သိရပြီး သတိပြန်ရတဲ့ချိန် ဖြစ်ပျက်ခဲ့သမျှ ပြန်မပြောနိုင်သေးဘဲ ဖြစ်နေသေးတယ်လို့လည်း သိရပါတယ်။

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို အာရက္ခတပ်တော် (AA) ကပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိမှာလည်း AA က ပလက်ဝမြို့နယ် အုပ်ချုပ်ရေး လုပ်ငန်းတွေကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *