Headlines

ပလက်ဝမြို့နယ်က ဒေသခံချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီးသတ်ဖို့ကြိုးစားခဲ့တဲ့ AA တပ်သား ၂ ဦးကို ဖမ်းဆီးကာ စစ်ဆေးမှုတွေလုပ်နေတယ်လို့ AA ကပြော

ဧပြီလ ၂၅ ရက်။

ဧပြီလ ၅ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ဒေသခံ ကလေးမိခင် ခူမီးချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီး ရေနစ်သတ်ဖို့ကြိုးစားခဲ့တဲ့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် ၂ ဦးကို ပြစ်မှုဖြစ်ပွားတဲ့နေကတည်းက ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က မနေ့ ဧပြီလ ၂၄ ရက် မှာ ရခိုင်မီဒီယာတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာမှာ ဖြေကြားထားပါတယ်။

ဦးခိုင်သုခက “အဲ့ဒီမုဒိမ်းမှု ကျူးလွန်တယ်ဆိုတဲ့ ကိစ္စက မှန်ပါတယ်ခင်ဗျာ။ ဒီကိစ္စကတော့ပလက်ဝမြို့နယ်၊ စိမ့်စင်းဝကျေးရွာမှာ ဖြစ်ပွားသွားခဲ့တာပါ။ပြစ်မှုဖြစ်ပွားတဲ့ နေ့ကတည်းက အဲ့ဒီပြစ်မှုကျူးလွန်တဲ့ ရဲဘော် နှစ်ယောက်ကိုကျနော်တို့ ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်ပါတယ်။ အခုကတော့ သူတို့ကိုစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီကိစ္စမှာ တရားမျှတမှုရရှိဖို့အတွက် ပြစ်မှု ပြစ်ဒဏ်မျှတအောင် ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အခုဖြစ်စဉ်ဟာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ နယ်မြေမှာဖြစ်သလို AA တပ်သားတွေကိုယ်တိုင် ကျူးလွန်တဲ့ မုဒိန်းမှုဖြစ်တာကြောင့် ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေးနဲ့ အရေးယူပေးဖို့ကိုလည်း ပလက်ဝအခြေစိုက် ချင်းအရပ်ဘက်လူမှု့အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

ပလက်ဝမြို့နယ်က အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ခူမီးအမျိုးသမီးတစ်ဦးက “အေအေတပ်တော်အနေနဲ့ ကျူးလွန်ခံရတဲ့ ကလေးမိခင်အမျိုးသမီးနဲ့ပတ်သက်ပြီး သူမခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာ ဆုံးရှုံးမှုအတွက် အပြည့်ဝတာဝန်ယူဖြေရှင်းပေးရမှာဖြစ်တယ်။ အဲဒီလိုတာဝန်ယူဖြေရှင်းတဲ့နေရာမှာလည်း AA တပ်တော် ချမှတ်ထားတဲ့ မူဝါဒ အတိုင်း တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်ပါတယ်။ ဒီလို လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ထိခိုက်စော်ကားတဲ့ ရာဇဝတ်မှုမျိုး ထပ်မကျူးလွန်အောင် တင်းတင်းကြပ်ကြပ် ပြစ်ဒဏ်ပေးရမှာဖြစ်တယ်။ ဒီလိုမဟုတ်ရင် ရခိုင်လူထုအများစုနဲ့ ပြည်သူလူထုအများစုရဲ့ AA ပေါ်ယုံကြည်မှုကို အလွဲသုံးစားလုပ်တယ်လို့ သတ်မှတ်ရမှာဖြစ်တယ်” လို့ပြောပါတယ်။

ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ဒေသခံကလေးမိခင် အမျိုးသမီးတစ်ဦးကို အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် ၂ ဦးက ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က မုဒိန်းကျင့်ပြီး ချောင်းအတွင်း ရေနစ်သတ်ဖို့ကြိုးစားချိန်မှာ ကျူးလွန်ခံရသူရဲ့ ယောက်ခမဖြစ်သူက ပတ်ဝန်းကျင်ကိုအော်ဟစ်ပြီးအကူအညီတောင်းတာကြောင့် ကျူးလွန်ခံရသူဟာ မသေဘဲ အသက်ဘေးကနေ သီသီလေးလွတ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *