
ဧပြီလ ၅ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ဒေသခံ ကလေးမိခင် ခူမီးချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီးရေနစ်သတ်ဖို့ကြိုးစားခဲ့တဲ့ အာရက္ခတပ်တော်(AA )တပ်ဖွဲ့ဝင် ၂ ဦးကို အာရက္ခတပ်တော် (AA) အနေနဲ့ ပွင့်လင်းမြင်သာတဲ့ တရားစီရေးနဲ့ အရေးယူပေးစေချင်တယ်လို့ Global Khumi Organization (GKO )တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခုဖြစ်သွားတဲ့နေရာဟာ AA ထိန်းချုပ်ထားတဲ့ နယ်မြေမှာဖြစ်သလို AA တပ်သားတွေကိုယ်တိုင် ကျူးလွန်တဲ့ မုဒိန်းမှုဖြစ်တာကြောင့် ကြီးလေးတဲ့ ရာဇဝတ်မှုတစ်ခုလည်းဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်တာလည်းဖြစ်တယ်လို့ GKO တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မတရားအကျင့်ခံရတဲ့ အမျိုးသမီးအတွက် တရားခံအား အရေးယူပေးစေချင်တယ်။ တရားခံအားအရေးယူတဲ့နေယူရမှာလည်း ပွင့်လင်းမြင်သာမူရှိတဲ့ တရားစီရင်ရေးဖြစ်စေချင်တယ်။ အမျိုးသမီးနဲ့သူ့ဆွေမျိုးမိသားစုကိုလည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်ဆိုင်ရာ လုံခြံမှုရှိအောင် အေအေ အနေနဲ့ပြန်လည် ကာကွယ်စောင့်ရှောက်ပေးစေချင်တယ်” လို့ GKO တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ချင်းအမျိုးသမီးတစ်ဦးကိုဘဲ ကျူးလွန်တဲ့ကိစ္စမဟုတ်ဘဲနဲ့ စစ်ဖြစ်နေတဲ့ ဧရိယာအတွင်းနေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုမရှိတာကိုလည်း ထင်ဟပ်ပြသနေတဲ့ ကိစ္စရပ်လို့မြင်မိတယ်လို့ ပလက်ဝမြို့နယ်က အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ခူမီးချင်းအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။
“အာရက္ခတပ်တော် AA အနေနဲ့ ပထမဆုံး ကျူးလွန်ခံရတဲ့ အမျိုးသမီးနဲ့ သူရဲ့မိသားစုဝင်တွေ အခုလက်ရှိမှာ ခံစားနေရမဲ့ စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း နာကျင်ခံစားမှုတွေအတွက် တာဝန်ယူမှုကို ထိထိရောက်ရောက်နဲ့ မှန်မှန်ကန်ကန် တာဝန်ယူဖြေရှင်းပေးဖို့ လိုပါလိမ့်မယ်၊ ဒီပလက်ဝမြို့နယ်မှာရှိတဲ့ ဒီချင်းအမျိုးသမီးတစ်ယောက်ထဲကိုဘဲ ကျူးလွန်တဲ့ကိစ္စမဟုတ်ဘဲနဲ့ စစ်ဖြစ်နေတဲ့ ဧရိယာအတွင်းမှာနေထိုင်နေတဲ့ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုမရှိတာကိုလည်း ထင်ဟပ်ပြသနေ ကိစ္စရပ်ဖြစ်တယ်လို့ ကျမတို့အနေနဲ့ သုံးသပ်မိတယ်” လို့ ပလက်ဝမြို့နယ် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ခူမီးချင်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ဒေသခံ ကလေးမိခင် အမျိုးသမီးတစ်ဦးကို အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် ၂ ဦးက မုဒိန်းကျင့်ပြီး ချောင်းအတွင်း ရေနစ်သတ်ဖို့ ကြိုးစားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီအမှုကိစ္စနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ တုံ့ပြန်ဆောင်ရွက်ပေးတာမျိုး မတွေ့ရသေးပါဘူး။
ပလက်ဝမြို့နယ်အတွင်း မုဒိမ်းမှုနှင့် လူသတ်မှုကျူးလွန်သူ နှစ်ဦးကို အာရက္ခတပ်တော် (AA)က ဆိုင်းဘုတ်ထောင်ပြီး ဖမ်းဝရမ်းထုတ်ထားကြောင်း ၊ဖမ်းဝရမ်းထုတ်ခံထားရသူ နှစ်ဦးမှာ ကိုကျော်ထွန်းလင်း (၂၃) နှစ်နှင့် ကိုနေထွန်းလင်း (၂၃) နှစ်ဦးတို့ဖြစ် ကြောင်း အခုရက်ပိုင်းအတွင်း လူမှုကွန်ယက်ဖေ့ဘုတ်ပေါ်မှာ ပြန့်နှံ့နေတာ တွေ့ရပါတယ်။
ကိုနေထွန်းလင်းမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်တွင် မုဒိမ်းမှုနှင့် လူသတ်မှုကျူးလွန်ထားပြီး ကိုကျော်ထွန်းလင်းမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်တွင် လူသတ်မှုကျူးလွန်းထားကြောင်း AA ရဲ့ ဖမ်းဝရမ်းထုတ်ပြန်စာမှာ ပါရှိပါတယ်။
ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိမှာလည်း AA က ပလက်ဝမြို့နယ် အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။
