
ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့ ငါတို့မြို့ တီးတိန်မြို့ကို ငါတို့ကိုယ်တိုင် တိုက်ယူဖို့ ကြိုးစားပြင်ဆင်နေတယ်လို့ PDF – Zoland အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲမှာ တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့Zomi Federal Union / PDF Zoland က ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Zomi Federal Union / PDF Zoland တန်းမြှင့်သင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲကို ဧပြီလ ၁၁ ရက်နေ့က အောင်မြင်စွာ ပြုလုပ်ပြီးဆုံးတဲ့ကြောင်းကိုလည်းကို ဒီကနေ့ မှာ ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးအောင်ပွဲတွေကို ယူဆောင်လာပေးနေတဲ့ ချင်းညီနောင်စစ်ဆင်ရေးတစ်ခုဖြစ်တဲ့ တီးတိန် စစ်ဆင်ရေးကို အောင်လံအတူတူ စိုက်ထူဖို့ ပြည်တွင်း၊ ပြည်ပက ပြည်သူ၊ပြည်သား အားလုံးပါဝင်အားဖြည့်ပေးဖို့ကိုလည်း ချင်းညီနောင်အဖွဲ့၀င် ZFU / PDF Zoland ကတိုက်တွန်းထားပါတယ်။
ချင်းညီနောင်အဖွဲ့ (CB) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့မှာဘဲ ဖလမ်းမြို့နယ် တစ်ခုလုံးကို စစ်ကောင်စီကင်းစင်တဲ့နယ်မြေအဖြစ် ဖော်ဆောင်တိုက်ယူခဲ့ပြီးနောက် ကျန်နေတဲ့ တီးတိန်မြို့ကို ဆက်လက်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ချင်းညီနောင်အဖွဲ့က လက်ရှိ ချင်းပြည်နယ်မှာ ကန်ပက်လက်မြို့၊ မင်းတပ်မြို့၊ မတူပီမြို့ နဲ့ ဖလမ်းမြို့တွေကို စစ်ကောင်စီကင်းစင်တဲ့ နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ပြီး ထိန်းချုပ်ထားပါတယ်။