
မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ၊စစ်ကိုင်းမြို့ကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် မန္တလေးတက္ကသိုလ်အတွင်းမှာထားရှိတဲ့ ၂၀၂၅ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၆ သောင်းကျော်ဟာ မီးလောင်ကျွမ်းခဲ့တာတာကြောင့် ကချင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်က ကျောင်းသားတွေကိုလာမယ့် ဇွန်လ ၁၆ ရက်နေ့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်ဖြေရမယ်လို့ စစ်ကောင်စီက ဧပြီလ ၂၂ ရက်နေ့မှာ ကြေညာထားကာ အများပြည်သူ ကန့်ကွက်ဝေဖန်မှုတွေရှိနေတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲပြန်ဖြေကြရမယ့်အထဲ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က တက္ကသိုလ်ဝင်တန်း(G-12)ကျောင်းသား/သူတွေလည်း ပါဝင်တယ်လို့သိရပါတယ်။
က လေးမြို့ ဒေသခံတစ်ဦးက “၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်က G12 ကျောင်းသူ၊ ကျောင်းသားတွေ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ပြန်ဖြေရမှာလို့သိရတယ် တချို့ကိုယ်ပိုင်အထက်တန်းကျောင်းတွေဆိုရင် သူတို့ကျောင်းသူ၊ ကျောင်းသားတွေကို နောက်လ ကစလို့ အနီးကပ်ပြန်သင်ကြားတာတွေ လုပ်ပေးမယ်လို့ သိရတယ် ”လို့ပြောပါတယ်။
လာမယ့် ဇွန်လ ၁၆ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်ကျင်းပမယ်လို့လည်း စစ်ကောင်စီဘက်က အချိန်ဇယားနဲ့တကွ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်ဟာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် တဖက်သက်ဆန်လွန်းတယ်လို့ ဝေဖန်ထောက်ပြတာတွေ ရှိသလို ကျောင်းသူ၊ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေ၊ သင်ကြားရေးဆရာ၊ ဆရာမတွေဘက်က ကန့်ကွက်မှုတွေလည်းရှိနေပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းတိုင်းထဲကနေရာတချို့နဲ့ မန္တလေး ၊ နေပြည်တော်တို့မှာ လူထိခိုက်၊ သေဆုံးမှုများခဲ့သလို နေအိမ်အဆောက်အဦများစွာ ထိခိုက်ပျက်စီးခဲ့ပေမယ့် ချင်းတောင်ခြေမှာတည်ရှိတဲ့ ကလေးမြို့မှာတော့ လူထိခိုက်သေဆုံးတာ နေအိမ်အဆောက်အဦ ထိခိုက်ပျက်စီးတာမရှိခဲ့ပါဘူး။