
ဧပြီလ ၂၅ ရက်။
မတ်လ ၂၈ ရက်ကပြင်းထန်စွာလှုပ်သွားတဲ့ ငလျင်ဒဏ် ကြောင့် မန္တလေးတက္ကသိုလ်မှာထားတဲ့ ကချင်၊စစ်ကိုင်း၊မန္တလေး၊နေပြည်တော်က ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာ ၆ သောင်းကျော်မီးလောင်ပျက်စီးခဲ့တဲ့အတွက် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမယ့်အထဲစစ်ကိုင်းတိုင်း၊ကလေးမြို့နယ်လည်းပါဝင်ကာ ကလေးမြို့က ၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခဲ့တဲ့ ကျောင်းသား/သူ ၁ ထောင်ကျော်ဟာ စာမေးပွဲပြန်လည်ဖြေဆိုဖို့အခက်အခဲများစွာရှိနေတယ်လို့ကျောင်းသား/သူမိဘတွေဆီက သိရပါတယ်။
ချင်းပြည်နယ် ကနေ စစ်ရှောင် အများစု ခိုလှုံရာ မြို့တစ်မြို့ ဖြစ်တဲ့ ချင်းတောင်ခြေ ကလေးမြို့မှာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ စာစစ်ဌာန ၃ ခု ကနေ ဖြေဆိုသူ ၁၁၀၇ ဦး ရှိခဲ့ပါတယ်။
ကလေးမြို့စာစစ်ဌာနများမှ တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာများဟာ မန္တလေးငလျင် ဒဏ်ကြောင့် ပျက်စီး မီးလောင်ခဲ့တာကြောင့် ဇွန်လ ၁၆ ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် တက္ကသိုလ်ဝင် စာမေးပွဲ ကို ကလေးမြို့မှာ အရင်တိုင်း စာစစ်ဌာန အပြောင်းအလဲ မရှိဘဲ စာစစ်ဌာန ၃ နေရာ ကနေ ဖြေဆိုသွားကြမှာ ဖြစ်ပါတယ်။
ကလေးမြို့က တက္ကသိုလ်ဝင်တန်းကျူရှင် ဆရာ တစ်ဦး က “ချင်းတောင် နဲ့ နယ်တွေမှာ ကျောင်းမဖွင့်တော့ စစ်ရှောင် တော်တော်များက ကလေးမြို့မှာ ကျောင်းလာ တက်ကြတာ။ စာမေးပွဲ ဖြေပြီးတာ နဲ့ တချို့ ကလေးတွေ ခရီးဝေး သွားကြတယ်။ တချို့က နယ် ပြန်တယ်။ တချို့က နိုင်ငံခြားထိ ရောက်သွားတာ တွေ ရှိတယ်။ သူတို့အားလုံး စာမေးပွဲရက် အမှီ ပြန်လာ နိုင်ဖို့ ဆိုတာ အတော် ခက်ခဲမယ့် ကိစ္စပဲ။ နယ်က ကျောင်းသားတွေဆို လာတာ ပြင်ဆင်တာနဲ့တင် ဒီ ရက် ၅၀ က ကုန်သွားမှာပဲ။ သူတို့ စိတ်ထဲမှာ စာတောင် ရှိမှာ မဟုတ်တော့ဘူး” လို့ မှတ်ချက်ပေးပါတယ်။
စာမေးပွဲ ပြန်လည် ဖြေဆိုရမည့် ကလေးမြို့ရှိ ကျောင်းသားများ အနေဖြင့် အခက်အခဲ များစွာ ရှိသော်လည်း ဇွန်လ ၁၆ ရက်နေ့တွင် စာမေးပွဲ ပြန်လည်ဖြေဆို ရန် အားခဲ ကြိုးစား နေကြတယ် လို့ ကလေးမြို့နေ တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုမယ့် ကျောင်းသား တစ်ဦးက ပြောပါတယ်။
“တက္ကသိုလ်ဝင် စာမေးပွဲ အတွက် ကျွန်တော်တို့ တစ်နှစ်လုံး ပြင်ဆင် လာခဲ့တာလေ။ အခုက ရက်ပေါင်း ၅၀ ကျော် လေးပဲ အချိန်ရတယ်။ မိဘတွေကလည်း စာသင်နှစ် တစ်နှစ်စာ အတွက် ကြိုးစားပြီးပံ့ပူး ပေးသား ဆိုတော့ ထပ်ဆင့် အားစိုက်ရမှာ အတော် အားနာဖို့ ကောင်း နေပြီ။ ရာသီဥတုကလည်း အရမ်းပူတယ်။ မီးလည်း မရဘူး။ အခြေအနေ အရပ်ရပ် က ခက်ခဲတယ်။ ဒါပေမယ့် အခက်အခဲတွေ ဆက်လက် ကျော်လွန်ပြီး သူငယ်ချင်းတွေနဲ့ ကြိုးစား ပြန်လည် ဖြေဆိုဖို့တော့ တိုင်ပင် ဖြစ်ကြတယ်” လို့ ကလေးမြို့နေ တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ဖြေဆိုမယ့် ကျောင်းသား တစ်ဦးက ပြောကြား ခဲ့ ပါတယ်။
ကလေးမြို့ရဲ့ နာမည်ကြီး ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ခု ဖြစ်တဲ့ YCW ကျောင်း ကတော့ ဇွန်လ ၁၆ ရက်နေ့မှာ တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည် ဖြေဆိုမယ့် မိမိတို့ ကျောင်းရဲ့ ကျောင်းသားကျောင်းသူတွေကို မေလ ၅ ရက်နေ့က စပြီး အနီးကပ် ပြန်လည် သင်ကြားပေးမှာ ဖြစ်လို့ တက်ရောက်မယ့် သူများ အနေဖြင့် စာရင်း ပေးသွင်းရန် သူတို့YCW ရဲ့ Facebook စာမျက်နှာ ကနေ ကြော်ငြာ ထား ပါတယ်။
“အဆောင်တွေ၊ ကိုယ်ပိုင် ကျောင်းတွေကတော့ အနီးကပ် ပြန်လည် သင်ကြား ပေးမယ် လို့ ပြောခဲ့ ပေမယ့် အခမဲ့ တော့ ဟုတ်မှာ မဟုတ်ဘူး။ ကလေးမြို့ရဲ့ လက်ရှိ အနေအထား အရ မီးစက် မောင်းဖို့ ဆီဖိုး နဲ့ တင် အများကြီးကုန်ကျ ကြလိမ့်မယ်။ ကလေးတွေ အဆောင် မှာ မထားရင် လည်း သူတို့ အတွက် မီးစက် မောင်းပေး ဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး။ အဆောင်တွေ အားကိုး ရလိမ့်မယ်။ ကျောင်းလခ အခြေအနေ တော့ ကျောင်း ဘက်က အတိအကျ ပြောတာ မကြားမိသေးဘူး” လို့ ကလေးမြို့ ကျောင်းသား မိဘ တစ်ဦး က ပြောပြပါတယ်။
ချင်းတောင် ကနေ ကလေးမြို့မှာ စစ်လာရှောင် ပြီး ကလေးမြို့မှာ တက္ကသလိုလ်ဝင် စာမေးပွဲ ဖြေဆိုခဲ့တဲ့ ကျောင်းသား တစ်ယောက်ကတော့ “ တာဝန် ရှိသူတွေကအခြေအနေ အရပ်ရပ်ကို သူတို့ နားလည် မှာပါ။ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ကိုက်ညီတဲ့ မေးခွန်းတွေကို သူတို့ စဉ်းစား မေးမြန်းသွား လိမ့်မယ် လို့ မျှော်လင့် မိပါတယ်။ ကျောင်းသားတွေ အနေနဲ့ ရက်ပေါင်း ၅၀ အတွင်း ပြန်လည် လေ့လာ ကျက်မှတ် နိုင်မယ့် အနေအထားမျိုး ပေါ့။ အဲလို ပဲ အားတင်း နေရတယ်။ စာမေးပွဲ ပြီးပြီး ကတည်းက စာတွေ ခေါင်းထဲ မကျန်တော့တဲ့ ဟာ” လို့ သူ့ရဲ့ မျှော်လင့်ချက်ကို ပြောပြခဲ့ ပါတယ်။
ကလေးခရိုင် အတွင်းမှာတော့ ကလေးဝမြို့မှာ လည်း တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည် ဖြေဆို ရမှာ ဖြစ်ပြီး၊ မင်းကင်း မြို့ ကတော့ ပြန်လည် ဖြေဆိုဖို့ ကင်းလွှတ် ခဲ့ပါတယ်။ ကလေးမြို့နယ် နဲ့ မြို့နယ်ချင်း ထိစပ်တဲ့ တမူးမြို့လည်း စာမေးပွဲ ပြန်လည်ဖြေဆိုဖို့ ကင်းလွှတ်တဲ့ စာရင်း မှာ ပါဝင်ခဲ့ ပါတယ်။
