
မနေ့ ဧပြီလ ၂ ရက်နေ့ နေ့လည်ပိုင်း ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် မင်းတပ်မြို့နဲ့ကန်ပက်လက်မြို့မှာ လူအထိခိုက်တော့ မရှိပေမယ့် နေအိမ်အဆောက်အဦးအလုံး ၂၅ ကျော်ထိခိုက်ပျက်စီးခဲ့ရပြီး ဒီကနေ့မှာတော့ လေကြောင်းတိုက်ခိုက်တာတော့ မရှိကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ကပြောပါတယ်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က“ပြည်သူထိခိုက်မှုတော့ မရှိပါဘူး နေအိမ် အဆောက်အအုံတွေတော့ ၅ အိမ်လောက်တော့ ထိခိုက်ပါတယ်။ အနည်းငယ်ထိခိုက်တဲ့ အိမ်တွေလည်း ၅ အိမ်လောက်ရှိတယ် လေကြောင်းတိုက်ခိုက်မှု ဒီနေ့မှာတော့ မရှိပါဘူး” လို့ပြောပါတယ်။
အလားတူ ဧပြီလ ၂ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကန်ပက်လက်မြို့ပေါ်က ပြည်သူ့နေအိမ် (၅)လုံး၊ အစိုးရအဆောက်အဦးများဖြစ်တဲ့ ထွေအုပ်ရုံး (၈) လုံး၊ ခေါ်နူးစုမ်ရိပ်သာ (၁) လုံး၊ ကျေးလက်ဦးစီးမှူးရုံး (၂) လုံး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး (၁) လုံး၊ မြို့နယ် (စစစ)ရုံး ၁ လုံး၊ မြို့နယ်စီမံကိန်းရုံး ၂ လုံး စုစုပေါင်း ၂၀ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
လက်ရှိတိုင်းနဲ့ပြည်နယ်တချို့မှာ မတ်လ ၂၈ ရက်နေ့ကလှုပ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် နေအိမ်၊ အဆောက်အဦးထိခိုက်ပျက်စီးတာ၊ လူထိခိုက်၊ သေဆုံးမှုများခဲ့တာတွေကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ လုပ်ဆောင်ဖို့ ဧပြီလ ၂ ရက်ကနေ ၂၂ ရက်အထိ ရက်ပေါင်း ၂၀ ယာယီအပစ်ရပ်မယ်လို့ စစ်ကောင်စီက မနေ့ ဧပြီလ ၂ ရက်နေ့ ညမှာကြေညာထားပါတယ်။