Headlines

တိုက်ပွဲမရှိဘဲ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦး သေဆုံး

ဧပြီလ ၁၀ ရက်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ချင်းပြည်နယ်၊ မြောက်ပိုင်း တီးတိန်မြို့နယ် ဆိုင်းဇန်ကျေးရွာကို မနေ့ဧပြီလ ၉ ရက်နေ့ ည ၁၁ နာရီဝန်းကျင်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ် ၃ လုံးပြာကျကာ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦး သေဆုံးခဲ့ရတယ်လို့ တီးတိန်ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ မနေ့ည ၁၁ နာရီဝန်းကျင်လောက်မှာ ပေါင် ၁၀၀၀ ဗုံးနဲ့ လေကြောင်းကနေ တိုက်ခိုက်သွားတယ် ကလေး ၅ နှစ်ရွယ်၊ ၁၀ နှစ်အရွယ် အပါအဝင် မိသားစုဝင် ၆ ဦးလုံး သေဆုံးသွားတယ် နေအိမ်တွေလည်း ၃ လုံးလောက်ပြာကျသွားတယ် ၁၀ အိမ်ကျော်လောက်က ပျက်စီးသွားတယ်” လို့ Chin World Media ကိုပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ နှစ်အရွယ် မူကြိုတက်နေတဲ့ Tg Suan Deih Sian၊ ၁၀ နှစ်အရွယ် Lian Cing Sian Nuam ၊ ၁၄ နှစ်အရွယ် Tg Kim Deih Piang ၊ ၁၇ နှစ်အရွယ် Tg Kham Mun Van ၊ ၄၀ နှစ်အရွယ် Nu Cing Sen Don ၊ ၄၃ နှစ် အရွယ် Pa Pau Sian Kham တို့ သေဆုံးခဲ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း နောက်ထပ် ဒဏ်ရာရတဲ့ ဒေသခံတစ်ဦးကိုလည်း ကလေးမြို့ကို ပို့ထားပြီး ဒဏ်ရာပြင်းထန်လွန်းတာကြောင့် မျော်လင့်ချက် သိပ်မရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲမရှိဘဲ ည ၁၁ ဝန်းကျင်လောက်မှာ ပေါင် ၁၀၀၀ ဗုံးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တီးတိန်ဒေသခံတွေ အနေနဲ့ စိုးရိမ်နေကြရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *