Headlines

CDF – Daai အနေနဲ့တပ်သားသစ်ရရှိရေး ဆောင်ရွက်တာရှိပေမယ့် အသက်မပြည့်တဲ့ကလေးတွေနဲ့ မကျန်းမာသူတွေကိုတော့ စစ်သင်တန်းမတက်ခိုင်းကြောင်း ဒိုင်ရ်ဒေသန္တရကောင်စီဥက္ကဌပြော

မတ်လ ၅ ရက်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ဒိုင်ရ်ဒေသအတွင်း CDF – Daai အနေနဲ့ တပ်သားသစ်ရရှိရေး ဆောင်ရွက်တာတွေရှိပေမယ့် အသက်မပြည့်တဲ့ ကလေးတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ သူတွေကိုတော့ စစ်သင်တန်းတက်ခိုင်းတာမျိုး မလုပ်ဘူးလို့ ဒိုင်ရ်ဒေသန္တရကောင်စီ(DRC) ဥက္ကဌ ကိုအောင်မင်းက Chin World Media ကိုပြောပါတယ်။

ပလက်ဝမြို့နယ်၊ လေမြိုချောင်းရှိ ကျေးရွာ ၉ ရွာခန့်က ဒေသခံအယောက် ၅၀ ကျော်ကို စစ်သင်တန်းတက်ရောက်ဖို့ CDF – Daai က ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီထဲမှာ အသက်မပြည့်တဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ပလက်ဝဒေသခံတစ်ချို့ပြောဆိုတာတွေအပေါ် သင်တန်းသားအသစ်ရရှိရေး စည်းရုံးရေးဆင်းတာတွေကို ဒိုင်ရ်ဒေသက ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်ပါဝင်ကြတာလို့ ဒိုင်ရ်ဒေသန္တရကောင်စီဥက္ကဌ ကိုအောင်မင်းကပြောပါတယ်။

“ဒိုင်ရ်ဒေသမှာ အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီးရဲဘော်တွေ သင်တန်းသားအသစ်ရရှိရေး စည်းရုံးရေးဆင်းတာတွေရှိပါတယ် သင်တန်းကျောင်းမှာ ရဲဘော်သစ်၊ ရဲမေသစ်တွေ အများကြီးပဲရောက်လာကြတယ် သူတို့ရောက်တာနဲ့တန်းပြီး သင်တန်းတက်ခိုင်းတာမျိုး ကျနော်တို့မလုပ်ပါဘူး သူတို့သင်တန်းမတက်ခင် အသက်ပြည့်မပြည့်၊ ကျန်းမာရေးကောင်း မကောင်း စစ်ဆေးရပါတယ် ပြီးမှသင်တန်းတက်ခွင့်ရကြမှာပါ တကယ်လို့ စုဆောင်းရေးဌာနရောက်ပြီးရင်တောင် အသက်မပြည့်သူတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ သူတွေဆို သူတို့သင်တန်းတက်ချင်ရင်တောင် တက်လို့မရပါဘူး အိမ်ပြန်ကြရမှာပါ နောက်ပြီး ရဲဘော်၊ ရဲမေသစ်တွေ ရရှိရေး ဒိုရ်ဒေသ တစ်ခုလုံးမှာ ဆက်ပြီး စည်းရုံးရေး ဆက်လက်လုပ်ဆောင်သွားကြမှာဖြစ်ပါတယ် မီဒီယာတွေရေးသလို လက်နက်နဲ့ ခြိမ်းခြောက်ပြီး အတင်းခေါ်ယူတာမျိုးမရှိပါဘူး၊ အဲဒီစည်းရုံးရေးမှာ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်ပါကြပါတယ်” လို့ ဒိုင်ရ်ဒေသန္တရကောင်စီဥက္ကဌ ကိုအောင်မင်းကပြောပါတယ်။

ပလက်ဝမြို့နယ်ထဲက အလယ်ဒိန်ကျေးရွာက ၈ ဦး၊ ရွှေတောင်ရွာက ၉ ဦး၊ မောစုန်းကြီးရွာက ၆ ဦး၊ မောင်ရွာက ၇ ဦး၊ ဝန်ချောင်းရွာက ၆ ဦး၊ အောင်မောစုန်းရွာက ၄ဦး လုံပန်ရွာက ၄ ဦး ကောက်စဉ်ရွာက ၂ ဦးနဲ့ မောစုန်ရှေရွာက ၆ ဦးတို့ကို CDF – Daai ကပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ ၃ ရက်နေ့တွေမှာ စစ်သင်တန်းတက်ရောက်ဖို့ ခေါ်ဆောင်သွားတာတွေ လုပ်ခဲ့တယ်လို့ သိရပြီး အဲဒီထဲမှာ အသက်မပြည့်သေးသူတွေ လည်း အများစုပါဝင်တယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

ကန်ပက်လက်၊ မင်းတပ်၊ မတူပီနဲ့ ပလက်ဝမြို့နယ်အတွင်းမှာရှိတဲ့ ပြန့်ကျဲ နေတဲ့ ဒိုင်ရ်လက်နက်ကိုင်တပ်ဖွဲ့တွေ နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို စုစည်းစုပေါင်းကာ မနှစ် ၂၀၂၄ ခုနှစ်မှာ ဒိုင်ရ်ဒေသန္တရကောင်စီ(DRC)ကိုဖွဲ့စည်းခဲ့ပြီး DRC အောက်မှာ CDF – Daai ကို ထားရှိကာ ဒိုင်ရ်ဒေသအုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးတွေကို DRC က ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *