Headlines

အိန္ဒိယ – မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့်တွေ တင်းကြပ်လွန်းတဲ့အတွက် မီဇိုရမ်ပြည်ကချင်းစစ်ဘေးရှောင်တွေ စိုးရိမ်ပူပန်မှုများလာ

မတ်လ ၁၈ ရက်။

အခု ၂၀၂၅ ခုနှစ် ဇန်န၀ါရီလကစပြီးအိန္ဒိယ-မြန်မာနယ်စပ်လွတ်လပ်စွာဝင်ထွက်သွားလာခွင့်စနစ် Free Movement Regime (FMR) ဖျက်သိမ်းပြီး အိန္ဒိယ – မြန်မာနယ်စပ်ဖြတ်ကျော်ခွင့်တွေကို အရမ်းတင်းကြပ်လာတဲ့အပေါ် အိန္ဒိယဘက်ခြမ်းကို စစ်ဘေးရှောင်နေရတဲ့ ချင်းစစ်ဘေးရှောင်တွေအနေနဲ့ နေထိုင်ခိုလှုံခွင့်မပေးတော့မှာတွေအတွက်ပါ စိုးရိမ်ပူပန်နေရကြောင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်ဒါရ်မြို့မှာ စစ်ဘေးရှောင်နေတဲ့သူတွေဆီကနေ သိရပါတယ်။

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အမှတ် (၂) တံတားကနေ စီးပွားရေးသမားတချို့က မှောင်ခိုလုပ်ငန်းတွေ အကြီးအကျယ် လုပ်တာကြောင့် လွတ်လပ်စွာဖြတ်သန်းခွင့်ကို အိန္ဒိယဘက်က ပိုတင်းကြပ်လိုက်တာဖြစ်ပြီး ဒုက္ခတကယ်ရောက်ပြီး စစ်ဘေးရှောင်နေရတဲ့ သူတွေအတွက် များစွာ အခက်ခဲကြုံရတယ်လို့လည်း ဇိုခေါ်ဒါရ်မြို့မှာ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောပါတယ်။

ဇိုခေါ်ဒါရ်မြို့မှာ စစ်ဘေးရှောင်နေသူတစ်ဦးက “မြန်မာပြည်မှာနေဖို့ အဆင်မပြေတော့လို့ ကိုယ့်အသက်ရှင်ဖို့အတွက်ကို လာပြီးနေတဲ့သူတွေအတွက်တော့ တော်တော်လေး ဒုက္ခရောက်တယ် ဘာလို့လဲဆိုတော့ ဇိုခေါဒါရ်ဘက်မှာဆိုရင် အစစရာရာ ဈေးကြီးတဲ့ခါကြတော့ မြန်မာဘက်ခြမ်းသွားသွားပြီး ဈေးဝယ်ရတယ် နေ့စဉ်သွားလာတဲ့နေရာမှာ လုံးဝအဆင်မပြေဘူးပေါ့ အရမ်းလည်းကြပ်တဲ့အခါကြတော့ သူတို့သိတဲ့သူတွေဆိုရင်လည်း စစ်နေတာဘဲ ကိုယ်တွေဆိုနေ့တိုင်းသွားတယ် သူတို့မြင်နေ သိနေတာဘဲ သွားတိုင်းစစ်တယ် အဆိုးဆုံးက နာရေးရှိတဲ့အချိန်တွေမှာဆိုရင် အစီရင်ခံတင်ပြရတယ် ပြောရတယ် သွားရတဲ့ ဖြစ်စဉ်အကုန်လုံးကို ပြောရတယ် အရေးရယ် အကြောင်းရယ် လုပ်ရကိုင်ရတော့မယ်ဆိုရင် နယ်စပ်ဖြတ်ကျော်ခွင့်ကို စလုပ်ရပြီ တော်တော်လေးဒုက္ခ ရောက်တယ် သက်တမ်းကိုလည်း ၁ ပတ်တစ်ခါတိုးရတယ် တစ်ခါသွားရင်လည်း တစ်နေကုန်စောင့်ရတယ်” လို့ပြောပါတယ်။

အိန္ဒိယ – မြန်မာ အမှတ် (၂) ကုန်သွယ်ရေး တံတားဟာ မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်ဒါရ်နဲ့ ဖလမ်းမြို့နယ် ၊ ရိခေါ်ဒါရ်မြို့အကြား မြစ်ချောင်းလေးသားခြားထား တာဖြစ်ပါတယ်။

“အခုနောက်ပိုင်းက တော်တော်လေးတင်းကြပ်လာတော့ စစ်ဘေးရှောင်တွေလည်း စိုးရိမ်ပူပန်မှုတွေအများကြီးရှိတယ် ဘယ်လိုလဲ ငါတို့ကိုဘဲ မောင်းထုတ်တော့မလား ဒီမှာဘဲနေလို့မရတော့ဘူးလားပေါ့နော် အဲလိုမျိုးစိတ်ပူပန်များပြီးတော့ ဒီလိုအရမ်းတင်းကြပ်နေတဲ့ပေါ်မှာတော့ စိတ်မကောင်းဖြစ်ကြတယ် ဝမ်းနည်းကြတယ်ပေါ့ အဲလိုမျိုးကြီးတော့ မဖြစ်ရင်ကောင်းမှာ ဆိုပြီးပေါ့လေ” ဇိုခေါ်ဒါရ်မြို့မှာ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က မီဇိုရမ်ပြည်နယ်ကို လာရောက်ခဲ့တဲ့ အိန္ဒိယပြည်ထဲရေးဝန်ကြီး Shah ထံ အိန္ဒိယ – မြန်မာနယ်စပ်လွတ်လပ်စွာသွားခွင့်စနစ် ပြန်လည် ခွင့်ပြုဖို့ကိုလည်း မီဇိုရမ်ပြည်နယ်အခြေစိုက် Zo Reunification Organization (ZORO) က တောင်းဆိုခဲ့တယ်လို့လည်း သိထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *