
မတ်လ ၄ ရက်။
အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာစစ်ပြေးဒုက္ခသည်တွေကို စိတ်ပိုင်း၊ ရုပ်ပိုင်းထိခိုက်စေမည့် ခြိမ်းခြောက်မှုနှင့် လုပ်ရပ်များ ရပ်တန့်ပေးဖို့ အိန္ဒိယ-မြန််မာအရေးလှုပ်ရှားနေတဲ့ India for Myanmar အဖွဲ့က အလေးအနက် တောင်းဆိုတယ်လို့ ဒီကနေ့ မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လက်ရှိ အိန္ဒိယနိုင်ငံတွင် မြန်မာနိုင်ငံ စစ်ပြေးဒုက္ခသည်များအား မီဇိုရမ်ပြည်နယ်အစိုးရနှင့် ပြည်သူများရဲ့ ကူညီစောင့်ရှောက်မှုများမှလွဲပြီး အခြားအိန္ဒိယပြည်နယ်များရှိ မြန်မာစစ်ပြေး ဒုက္ခသည်များသည် ဖမ်းဆီးခံရမှုနှင့် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ခြိမ်းခြောက်ခံနေရတယ်လို့ India For Myanmar က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း နယူးဒေလီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းတွင် ဝတ်ပြုနေကြသော မြန်မာစစ်ပြေး ဒုက္ခသည်တွေကို နယူးဒေလီရဲတပ်ဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ အိန္ဒိယနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် အထောက်အထား နဲ့ UNHCR မှ ထုတ်ပေးသော ဒုက္ခသည်ကဒ် မရှိသူများကို ဖမ်းဆီး၊ ထောင်ချ ဒါမှမဟုတ် မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ဝတ်ပြုအစီအစဉ်များကိုလည်း ရပ်တန့်စေခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံ စစ်ပြေးဒုက္ခသည်များသည် ထောင်ဒဏ်နှင့် ငွေဒဏ်များ ကျခံကြပြီဖြစ်သော်လည်း နှစ်ချီ ဆက်လက်ထိန်းသိမ်းခံနေရပြီး၊ လွတ်မြောက်ခွင့်မရသလို အသက်မလုံခြုံတဲ့ မြန်မာနိုင်ငံသို့ ပြန်ပို့ရန် မဏိပူရ်နှင့် အာသံပြည်နယ်အစိုးရများက မကြာခဏ ခြိမ်းခြောက်မှု ရင်ဆိုင်နေကြရတယ်လို့လည်း ဖော်ပြထားပါတယ်။
လက်ရှိ မဏိပူရ်ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ဦးအောင်မြင့် (အသက် ၅၀ ကျော်) သည် ကျန်းမာရေး ဆိုးရွားနေပြီး၊ ထောင်အာဏာပိုင်များက ၎င်း၏ပစ္စည်းများကို ထုတ်ယူကာ အရေးပေါ်ဆေးကုသမှု ခံယူစေပြီး ၎င်း၏ ကျန်းမာရေးသည် စိုးရိမ်ရသည့် အနေအထားဖြစ်ကြောင်း ၊ထို့အပြင် ဖမ်းဆီးခံရသူများထဲတွင် ဦးအောင်မြင့်ကဲ့သို့ နာတာရှည်ရောဂါခံစားနေရသူ ၁၀ ဦးထက်မနည်း ရှိနေပြီး ၎င်းတို့၏ ကျန်းမာရေးအတွက်လည်း လွန်စွာ စိုးရိမ်စရာဖြစ်နေကြောင်းIndia For Myanmar ကထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ခိုလှုံနေသူများထဲမှ ၂၅၀ ကျော်ကို မဏိပူရ်နှင့် အာသံပြည်နယ်များတွင် ဖမ်းဆီးထောင်ချခံရပြီး ထိုအထဲမှ ၁၁၅ ဦးခန့်ကို မဏိပူရ်ပြည်နယ်အစိုးရမှ လုံခြုံရေးအာမခံချက်မရှိဘဲ
အကြမ်းဖက်စစ်ကောင်စီထံ ပြန်ပို့ခဲ့ကြောင်း၊ထို့အပြင် ဖမ်းဆီးခံရသူ ၁ ဦးသည် ထောင်ထဲတွင် အသက်ဆုံးရှုံး ခဲ့သော်လည်း ယနေ့အထိ တရားမျှတမှု မရရှိသေးကြောင်း India For Myanmar က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှု မရှိသေးချိန်တွင်၊ မြန်မာစစ်ပြေး ဒုက္ခသည်များကို စစ်ကောင်စီလက်ထဲသို့ ပြန်ပို့ခြင်း၊ ပြန်ပို့ရန် ခြိမ်းခြောက်ခြင်းများ ရပ်တန့်ပြီး၊ အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံ ကောင်းပီသစွာဖြင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို အပြည့်အဝ မကူညီနိုင်သည့်တိုင်၊ စစ်ပြေးဒုက္ခသည်များအပေါ် စိတ်ပိုင်း၊ ရုပ်ပိုင်းထိခိုက်စေမည့် ခြိမ်းခြောက်မှုနှင့် လုပ်ရပ်များ ရပ်တန့်ပေးရန် အလေးအနက် တောင်းဆိုတယ်လို့ India for Myanmar က ထုတ်ပြန်ပါတယ်။

