
မတ်လ ၂၆ ရက်။
နေပြည်တော်မှာ စစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က မတ်လ ၂၄ ကနေ ၂၆ ရက်နေ့အထိ ဦးဆောင်ကျင်းပနေတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ နိုင်ငံရေးပြသနာမှာ သက်ဆိုင်တဲ့အစုအဖွဲ့ တွေ မပါတဲ့အတွက် ပြည်သူလူထုနဲ့ နိုင်ငံတကာကို လှည့်စားဖို့ လုပ်ဆောင်နေတာသာဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကို ပြောပါတယ်။
အမျိုးသားစည်းလုံး ညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က တာဝန်ရှိသူတွေ ၊ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ နိုင်ငံရေးပါတီတွေ အပါအဝင် ၃ ပွင့်ဆိုင် ငြိမ်းချမ်းရေး စကားဝိုင်း Peace Talk 2025 ကို နေပြည်တော်မှာ မတ်လ ၂၄ ရက်နေ့ကနေ မတ်လ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်နေပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “နိုင်ငံရေးပြဿနာမှာ လက်တွေ့ပါဝင်နေတဲ့ Stakeholder တွေ မပါရှိတဲ့ လုပ်ဆောင်မှု မှန်သမျှက အချိန်ကုန်၊ လူပန်းတာပဲရှိမယ်၊ နိုင်ငံရေးမှာ စစ်တပ်အာဏာတည်မြဲဖို့ ရွေးကောက်ပွဲတွေ အခုငြိမ်းချမ်းရေးတွေ ဖွံ့ဖြိုးရေးတွေကို ဘန်းပြပြီး ပြည်သူနဲ့ နိုင်ငံတကာကို လှည့်စားနေတယ်လို့ မြင်တယ်” လို့ပြောပါတယ်။
“ကျွန်တော်တို့က ဘာသတ်မှတ်ချက်မှ မရှိဘူး။ ကျန်တဲ့အဖွဲ့အစည်းတွေက သတ်မှတ်ချက်တွေရှိတယ်။ တပ်မတော်က နိုင်ငံရေးက ထွက်မှတို့၊ တပ်မတော်ကို ဖျက်မှတို့၊ ယာယီအစိုးရဖွဲ့မှတို့ စသဖြင့် ဒီလိုမျိုး ကန့်သတ်ချက်တွေ၊ အဲ့ဒါတွေရှိမှ လာဆွေးနွေးမယ်ဆိုတဲ့ မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေရှိတယ်”စစ်တပ်ကို နိုင်ငံရေးကထွက်ဖို့ တောင်းဆိုတာဟာ မဖြစ်နိုင်တဲ့တောင်းဆိုချက် ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ (NSPNC)ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၅ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးနေ့ မတ်လ ၂၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
နေပြည်တော်မှာ စစ်ကောင်စီက ကျင်းပနေတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပါဝင်တက်ရောက်သူတချို့ကို Chin World Media မှဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားရန်မရှိကြောင်းသာ ပြောကြားပါတယ်။
အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ဦးဆောင်ကျင်းပနေတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍ၊ စီးပွားရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေကို အဖွဲ့ ၂ ဖွဲ့ခွဲ ကာ စစ်ဘက် အရပ်ဘက် တာဝန်ရှိသူများ၊ တပ်မတော်အငြိမ်းစားအရာရှိများ ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ကဏ္ဍအသီးသီးက ထင်ပေါ်ကျော်ကြားတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပါဝင်သင့်ပါဝင်ထိုက်သူတွေလည်းပါဝင်ပြီး တက်ရောက်ဆွေးနွေးနေတယ်လို့ ပြည်တွင်း အခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြပါတယ်။
