ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာလ တတိယပတ်ကနေ ၂၀၂၆ ဇန်နဝါရီလ ဒုတိယပတ်အထိ ကျင်းပမယ်လို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြော

မတ်လ ၂၆ ရက်။

စစ်ကောင်စီကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ဒီနှစ် ၂၀၂၅ ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ် နောက်နှစ် ၂၀၂၆ ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်တွေအထိ ၁ လ အချိန်ယူပြီး ကျင်းပမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၂၅ ရက်နံနက်ပိုင်းက နေပြည်တော်မှာကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။

“” ကောက်ယူရရှိတဲ့စာရင်းတွေအပေါ်မူတည်ပြီး ဆန္ဒမဲပေးနိုင်တဲ့ အသက်(၁၈)နှစ်နဲ့အထက်လူဦးရေစာရင်းကိုကောက်ယူရရှိထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကို ဒီ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလရဲ့ တတိယပတ်နဲ့ စတုတ္ထပတ်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလရဲ့ ပထမပတ်နဲ့ ဒုတိယပတ်တွေအတွင်း မှာကျင်းပပြုလုပ်ဖို့လျာထားပါတယ်၊သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်တွေအလိုက် Electronic Voting Machine တွေနဲ့ဆောင်ရွက်တာကြောင့် အချိန်တိုအတွင်းမှာ ဆန္ဒမဲပေးနိုင်ခြင်းနဲ့ မဲရလဒ်ရရှိခြင်းတွေရရှိမှာဖြစ်ပါတယ်။ မိမိတို့အနေနဲ့ တစ်ရက်နှစ်ရက်အတွင်း မဲစာရင်းတွေကိုအတည်ပြုဆောင်ရွက်နိုင်မှာဖြစ်လို့ တစ်လအတွင်း ရွေးကောက်ပွဲပြုလုပ်လို့ရတဲ့ မြို့နယ်တွေမှာရွေးကောက်ပွဲပြီးမြောက်နိုင်မှာပါ။ ဘယ်လိုဘဲဖြစ်ပါစေ လာမယ့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရွေး ကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးဖို့လိုပါတယ်” လို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကကပြောပါတယ်။

ဒီရွေးကောက်ပွဲကို အီလက်ထရွန်နစ်မဲပေးစက် (Electronic Voting Machine) နဲ့ မဲပေးစေမှာဖြစ်ပြီး တစ်လအတွင်း ရွေးကောက်ပွဲပြီးစီးအောင် ကျင်းပမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဒါအပြင် အရင်ရွေးကောက်ပွဲတွေမှာ ကျင့်သုံးခဲ့တဲ့ မဲများသူအနိုင်ရသည့်စနစ် (FPTP) စနစ်အပြင် အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တို့အတွက် PR စနစ်ကိုပါ ပေါင်းစပ်ကျင့်သုံး နိုင်ဖို့ လျာထားတယ်လို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုပါတယ်။

နိုင်ငံတစ်ဝှမ်းလုံးနီးပါး စစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီက မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ မြို့နယ် ၁၁၀ မှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်နေတယ်လို့လည်းနိုင်ငံရေးပါတီတချို့က သတင်းမီဒီယာ တွေဆီမှာ ဖြေကြားထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားဝင်ခြင်းမရှိသလို အသိမှတ်ပြုလက်ခံမှာ မဟုတ်ဘဲ ဆန့်ကျင်တိုက်ခိုက်သွားမယ်လို့ ပြောဆိုထားကြပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင်းက ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတွေမှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *