
မတ်လ ၂၀ ရက်။
မီဇိုရမ်ပြည်မှာ ကျောင်းတက်ရင်း နွေရာသီကျောင်းပိတ်ရက် နေရပ်ခဏပြန်လာတဲ့ စစ်ကိုင်းတိုင်းဒေသ၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာနေ Lalnunhliama အမည်ရှိ အသက် ၁၅ နှစ်အရွယ်ချင်းလူငယ်ဟာ အိန္ဒိယ – မြန်မာ နယ်စပ် တီအိုချောင်း(Tio)မှာ မနေ့က မတ်လ ၁၉ ရက်နေ့မှာ ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Lalnunhliama ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ကျောင်းတက်နေသူဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက် နေရပ်ပြန်လာစဉ် တီအိုချောင်းမှာ ရေဆင်းချိုးရင်း မတော်တဆ ရေနစ်သေဆုံးခဲ့ရတာဖြစ်ပြီး သူ့ရုပ်အလောင်းကို ကလေးမြို့ တာဟန်းမှာ သဂြိုလ်ဖို့ သယ်သွားကြပြီလို့လည်း သိရပါတယ်။

သေဆုံးသူက အိုင်ဇော်ကနေ ပြန်လာပြီး ဇိုခေါဒါရ်တည်းခိုခန်းမှာတည်းစဉ် ညနေ ၂ နာရီဝန်းကျင်လောက်မှာ သူ့သူငယ်ချင်းတွေနဲ့ တီအိုချောင်းမှာ ရေဆင်းချိုးကြရင်း စက်ကြီး (JCB) တွေ သဲတွေယူတဲ့ တွင်းထဲပြုတ်ကျရင်းသေဆုံးတာလို့ မျက်မြင်သိရှိသူတွေက ပြောပါတယ်။
ရေနစ်သေဆုံးသွားတဲ့ Lalnunhliama ရဲ့မိဘတွေဟာ ကလေးမြို့နယ် မြောက်ဘက် လက်ပံချောင်းရွာဇာတိကလို့ သိရပြီး မောင်နှမတွေထဲမှာ အငယ်ဆုံးသားလို့လည်း သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲပဋ္ဋိပက္ခတွေကြောင့် ချင်းပြည်နယ်နဲ့ တခြားဒေသက ဒေသခံတွေဟာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရသလို ပညာရေး၊ ကျန်းမာရေးအတွက်လည်း အိန္ဒိယဘက်ခြမ်းကို မှီခိုနေကြရပါတယ်။