
မတ်လ ၁၃ ရက်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ၂၀၂၅ – ၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းဆရာ/ဆရာမ လိုအပ်လျက်ရှိနေတာကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ပညာရေးဦးဆောင်ကော်မတီက မီဇိုရမ်ပြည်နယ် ချင်းစစ်ဘေးရှောင်စခန်းတွေမှာ ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို အခုလ မတ်လ (၃) ရက်နေ့ကစလို့ ဖိတ်ခေါ်ကမ်းလှမ်းမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်ကို လာမယ့်ဇွန်လကနေ စတင်မှာဖြစ်ကြောင်းနဲ့ (G -12) အထိ ဖွင့်လှစ်ဖို့ ပြင်ဆင်ထားတာဖြစ်လို့ ခူမီးချင်းတိုင်းရင်းသားသာသာစကားဖြင့် သင်ကြားနိုင်သူ ဒါမှမဟုတ် မြန်မာဘာသာစကားနဲ့ သင်နိုင်တဲ့ ကျောင်းဆရာ/ဆရာမ စေလွှတ်ပေးဖို့ မီဇိုရမ်ပြည်နယ် စစ်ဘေးရှောင်စခန်းတွေမှာ ပညာသင်ကြားပေးနေတဲ့ တာဝန်ရှိသူတွေဆီကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ပညာရေးဦးဆောင်ကော်မတီက အကြောင်းကြားလာတယ်လို့ သိရပါတယ်။
မီဇိုရမ်ပြည်က ချင်းစစ်ဘေးရှောင်စခန်းမှာ တာဝန်ရှိသူ တစ်ဦးလည်းဖြစ် ပညာသင်ကြားပေးနေတဲ့ ကျောင်းဆရာတစ်ဦးလည်းဖြစ်တဲ့ သူတစ်ဦးက “အဓိကတော့ လုံခြုံရေးပေါ့ နောက်ပြီးတော့ AA ပညာရေးက ဘယ်အဖွဲ့အစည်းက အသိအမှတ်ပြုပေးမှာလဲ NUG ကလာ၊ စကစ ကလား AA ပေးတဲ့ အောင်လက်မှတ်ကို ဘယ်သူက အသိမှတ်ပြုမလဲပေါ့ နောက်ပြီးအခုလက်ရှိ AA စစ်မှုထမ်းဥပဒေလည်းရှိနေတော့ ကျောင်းသား၊ ကျောင်းသူ တွေကိုမခေါ်ဘူးလို့ ပြောလို့မရဘူး နောက်ပြီး သူတို့အုပ်ချုပ်ရေးလည်ပတ်ဖို့နဲ့ ဒေသခံတွေကလည်း လက်ခံတယ်ဆိုတာ ပြဖို့လုပ်တာလည်းဖြစ်နိုင်တယ်။ နောက်ပြီး AA ကိုယုံကြည်ဖို့ သူတို့ဖမ်းဆီးထားတဲ့ ဒေသခံတွေပြန်လွှတ်ပေးဖို့လိုတယ်လေ ဘာအထောက်အထားမှ မခိုင်လုံဘဲ ပြန်လာခိုင်းဖို့က အဆင်မပြေဘူး” လို့ပြောပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ပညာရေးဦးဆောင်ကော်မတီဘက်ကတော့ မီဇိုရမ်စစ်ဘေးရှောင်စခန်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းဆရာ/ဆရာမ တွေထဲကနေ သိပ္ပံတွဲသင်ကြားပေးနိုင်မယ့် ကျောင်းဆရာ/ဆရာမတွေကို စေလွှတ်ပေးဖို့နဲ့ အထက်တန်းပြ ဆရာအနည်းဆုံး (၅) ဦး စေလွှတ်ပေးဖို့နဲ့ လစဉ်ထောက်ပံ့ငွေ ကျပ် (၅) သိန်း ပေးမယ်လို့လည်း ကမ်းလှမ်းထားတဲ့အကြောင်း သိရပါတယ်။
ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို အာရက္ခတပ်တော် (AA) ကပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိမှာလည်း AA က ပလက်ဝမြို့နယ် အုပ်ချုပ်ရေး လုပ်ငန်းတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။
