
မတ်လ ၃၀ ရက်။
ငလျင်ဒဏ်ကြောင့် ဘေးဒဏ်သင့် ပြည်သူတွေအတွက် အရေးပေါ် လူမှုအကူအညီများ ပံ့ပိုးပေးကြပါရန် နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO,INGOများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ရှိမြန်မာပြည်သားများအား မေတ္တာရပ်ခံကြောင်း ချင်းပြည်(Chinland) ကောင်စီက ဒီကနေ့မတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန်မွန်းလွဲ ၁၂း ၅၁ နာရီတွင် 7.7 ပြင်းအားရှိ Major Earthquake ငလျှင်ကြီးလှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် နိုင်ငံအနှံ့ ပြည်သူများ ထိခိုက်သေဆုံးမှု၊ အိုးအိမ်ပျက်စီးဆုံးရှုံးမှုအကြီးအကျယ်ဖြစ်ပေါ်ခဲ့သည့်အပေါ် မိမိတို့ ချင်းပြည်(Chinland)ကောင်စီအနေဖြင့် များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း ချင်းပြည်(Chinland) ကောင်စီက ဒီကနေ့မတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ အသက်အိုး အိမ်စည်းစိမ်များ သေကြေဆုံးရှုံး နေချိန်၊ သဘာဝ ကပ်ဘေးဆိုးကြီး ငလျင်ဒဏ်ကြောင့် တစ်ပူပေါ် နှစ်ပူဆင့် ထိခိုက်နစ်နာဆုံးရှုံးကြရသည့် မိဘ ပြည်သူများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း နဲ့ ဘုရားရှင်ထံမှ စိတ်နှလုံးငြိမ်းအေးခြင်း ဆုကျေးဇူးများ ခံစားရရှိစေကြောင်း ဆုတောင်း မေတ္တာ ပို့သအပ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် မတ်လ ၂၉ ရက်နေ့ ည ၈ နာရီအထိ MRTV သတင်းကြေညာချက်အရ စစ်ကောင်စီကောက်ယူတဲ့ စာရင်းအရ သေဆုံးသူဦးရေ ၁၆၄၄ ဦးရှိလာကာ၊ ထိခိုက်ဒဏ်ရာရသူ ၃၄၀၈ ဦး နဲ့ ပျောက်ဆုံးသူ အယောက် ၁၃၉ ဦးရှိပြီး မန္တလေးတိုင်းဒေသကြီးမှာ ငလျင်ကြောင့် သေဆုံးသူ အများဆုံးဖြစ်ကြောင်း နဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်ကောက်ယူနေသလို အိန္ဒိယ၊ တရုတ် နဲ့ တခြားနိုင်ငံတကာ အကူအညီတွေလည်း စတင်ရောက်နေကြောင်း စစ်ကောင်စီဘက်က မနေ့ညက ထုတ်ပြန်ထားသလို ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာလည်း တခြားနိုင်ငံက ကူညီကယ်ဆယ်ရေးတွေ ထပ််မံရောက်ရှိနေကြောင်းကိုလည်းသိရပါတယ်။