
မတ်လ ၂၁ ရက်။
ချင်းပြည်နယ်မြို့တော်ဟားခါးမှာ မတ်လ ၁၇ ရက်နေ့ကစလို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ လုံးဝသုံးလို့မရအောင် ဖြတ်တောက်ခံခဲ့ရပြီး မနေ့ မတ်လ ၂၀ ရက်ညမှာ Atom ဖုန်း/အင်တာနက်လိုင်းပြန်ရပြီလို့ ဟားခါးမြို့နေဒေသခံတစ်ဦးဆီကနေ သိရပါတယ်။
ဟားခါးမြို့ ဒေသခံတစ်ဦးက “ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေမရတာ ၄ ရက်လောက်ဖြစ်သွားတယ် တယ်လီနောလိုင်းတော့ မနေ့ညနေပိုင်းလောက်စလို့ ပြန်ရတယ် MPT လိုင်းကတော့ မြို့တွင်းမှာတော့မရသေးဘူး” လို့ပြောပါတယ်။
ဟားခါး – ထန်တလန် လမ်းပိုင်းကိုလည်း ချင်းအမျိုးသားတပ်ဦး (CNF/A) ဦးဆောင်တဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေစိုးမိုးနိုင်ဖို့ကြိုးစားနေသလို ဖလမ်းမြို့မှာလည်း ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ပွဲတွေဖြစ်နေတာကြောင့် စစ်ကောင်စီဘက်က စစ်ကူပို့ဖို့နဲ့ စစ်ကြောင်းထိုးတာတွေလုပ်ချင်လို့ အခုလို ဖုန်းလိုင်းအင်တာနက်လိုင်းတွေ ဖြတ်တာတွေ လုပ်နေတာ ဖြစ်နိုင်တယ်လို့လည်း ဟားခါး ဒေသခံတွေအကြား သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွါးလာတဲ့ တိုက်ပွဲပဋ္ဋိပက္ခတွေကြောင့် ချင်းပြည်နယ်မြို့တော် ဟားခါးမှာ MPT နဲ့ ATOM ဖုန်းလိုင်းနှစ်ခုသာရရှိပြီး ချင်းပြည်နယ် ၉ မြို့နယ်ထဲမှာ ဖုန်းနဲ့အင်တာနက်လိုင်းရရှိတဲ့ တစ်ခုတည်းသော မြို့လည်းဖြစ်ပါတယ်။