
မတ်လ ၁၂ ရက်။
ချင်းပြည်နယ်၊ ဖလမ်းမြို့က စစ်ကောင်စီတပ်ဖွဲ့ရဲ့ နောက်ဆုံးလက်ကျန် စခန်းတစ်ခုဖြစ်တဲ့ ခလရ – ၂၆၈ တပ်ကုန်းထဲ ဒီကနေ့ မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းကစလို့ ချင်းညီနောင်တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး ဒီနေ့တနေကုန် တိုက်ပွဲလည်းပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ အပြင်းအထန် ခုခံကာကွယ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေပြောပြချက်အရ သိရပါတယ်။
ရှေ့တန်းရောက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ ဒီကနေ့ မနက်ပိုင်းလောက်စလို့ တိုက်ပွဲတွေ အရမ်းပြင်းထန်တယ်၊ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ တစ်နေကုန် တိုက်ခိုက်နေတယ်၊ ကျနော်တို့ဘက်က ခလရ – ၂၆၈ ထဲကိုလည်း ကျနော်တို့ အားလုံးဝင်ပြီးသွားပြီလို့” လို့ပြောပါတယ်။
ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖလမ်းမြို့တွင်းက စစ်ကောင်စီတပ်စခန်းတွေ အားလုံးကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်ကာစစ်ကောင်စီတပ်ဖွဲ့ရဲ့ နောက်ဆုံးလက်ကျန် ခလရ – ၂၆၈ တပ်ကုန်းကိုတော့ ၃ လအကြာ ဝိုင်းရံပိတ်ဆို့ထားတာဖြစ်ပါတယ်။
သုံးလကျော် ဝိုင်းရံပိတ်ဆို့ထားခံရတဲ့ ခလရ – ၂၆၈ တပ်ကုန်းထဲမှာ စစ်ကောင်စီတပ်အင် အား ၂၀၀ ကျော်ဝန်းကျင်ရှိပြီး စစ်ကောင်စီက ပြီးခဲ့တဲ့လအတွင်းက ရဟတ်ယာဉ်နဲ့လူ/လက်နက်အင်အားထပ်မံဖြည့်တင်းထားကာချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေဘက်ကလည်း ဖြတ်လေးဖြတ်ဖြင့် ၃ လကျော်ကြာတဲ့အထိ ဖြတ်တောက်ထားပြီး ဒီကနေ့မှာတော့ လေကြောင်းနေ တိုက်ခိုက်နေတဲ့ကြားကနေ အခုလို တပ်ကုန်းထဲဝင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်တာလည်းဖြစ်ပါတယ်။
