Headlines

တောမီးလောင်ကျွမ်းမှုကြောင့် မင်းတပ် – မတူပီလမ်းက ရေပိုက်လိုင်းတွေ ပျက်စီးလျက်ရှိကာ ရေပြန်ရအောင်ကြိုးစားနေကြောင်းထုတ်ပြန်

မတ်လ ၂၂ ရက်။

တောမီးလောင်ကျွမ်းမှုတွေကြောင့် မင်းတပ် – မတူပီလမ်းတလျှောက် သွယ်တန်းထားတဲ့ ရေပိုက်လိုင်းတွေ ပျက်စီးလျက်ရှိတာကြောင့် မြို့တွင်း ခေတ္တာရေပြတ်လပ်မှုတွေကို အမြန်ဆုံး ရေပြန်ရရှိအောင်ဆောင်ရွက်နေတယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ မတ်လ ၂၂ ရက်နေ့မှာထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့်သော်လည်းကောင်း၊ သဘာဝအလျောက် တောမီးလောင်ကျွမ်းမှုတွေကြောင့် သော်လည်းကောင်း တောမီးလောင်ကျွမ်းမှုတွေ ဖြစ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပျက်စီးသွားတဲ့ မင်းတပ် – မတူပီ လမ်းတလျှောက် သွယ်တန်းထားတဲ့ ရေပိုက်လိုင်းတွေကို ပြုပြင်ပြီး အမြန်ဆုံးရေပြန်လည်ရရှိနိုင်ဖို့ ဆောင်ရွက်နေကြောင်းနဲ့ မြို့ပေါ်သွယ်တန်းထားတဲ့ ရေပိုက်လိုင်းတွေကို လမ်းသွား၊ လမ်းလာအချို့က ဓါး၊ ပုဆိန်တွေနဲ့ စည်းကမ်းမဲ့ ခုတ်ထစ်တာတွေကိုလည်း ထိရောက်စွာအရေးယူ ဆောင်ရွက်တော့မယ်လို့လည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

ရေပိုက်လိုင်း ဖျက်ဆီးသူတွေကို တွေ့ရှိရင်လည်း တာဝန်ရှိသူတွေဆီ သတင်းပေးပို့ကြရန် နဲ့ ရေပိုက်လိုင်းတွေ ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့အတွက်လည်း ပြည်တွင်း၊ ပြည်ပ အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တွေက သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး မင်းတပ်မြို့တွင်း ပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ကိုလည်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *