
မတ်လ ၂၁ ရက်။
မနေ့ မတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီခွဲ ခန့်မှာ တောမီးကနေတဆင့် မီးကူးပြီး တီးတိန်မြို့ စကောလ်လမ် ရပ်ကွက်၊ ခလရ ၂၆၉ တပ်ကုန်း အောက်ဘက်ရှိ နေအိမ် ၁ လုံး မီးလောင်ကျွမ်းခဲ့ပြီး လက်ရှိအချိန်အထိ တီးတိန်မြို့ ပတ်ဝန်း အနှံ့မှာ တောမီး လောင်ကျွမ်းလျက် ရှိကြောင်း ဒေသခံတွေရဲ့ ပြောကြားချက် အရ သိရပါတယ်။
မီးလောင်ကျွမ်းသွားတဲ့ နေအိမ်ဟာ Pa That Lian Tuang နှင့် မိသားစု ၆ ဦး တို့ နေထိုင်လျက် ရှိတဲ့ အိမ် ဖြစ်တယ် လို့လည်း တီးတိန်မြို့ခံ တစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။
တီးတိန်မြို့ ပတ်ဝန်းကျင် တောမီးလောင်မှု နဲ့ ပတ်သက်ပြီး ဒေသခံ လူငယ် တစ်ဦးက “ မြို့မရဲစခန်း ဝန်းကျင် မီးလောင် သွားတော့ မီး အရှိန် အတော်ကြီး တော့ တချို့ မြို့ခံတွေက မီးလောင်သံ ကို သေနတ်သံ နဲ့ မှားတဲ့ အထိ ပဲ။ လူနေ ရပ်ကွက်တွေထဲထိ မီး ကူး ခါနီး ဖြစ်တာ ဒီရက်ပိုင်း အတွင်း ခဏခဏ ပဲ” လို့ Chin World Media ကို ပြောပါတယ်။
“တောမီး ကလေး-တီးတိန် ကားလမ်း မ တလျှောက် နေရာ အနှံ့ လောင်ကျွမ်း နေတယ်။ တောမီး ရှို့တဲ့ အကြောင်းရင်း တွေထဲမှာ တော့ မွေးမြူရေး လုပ်တဲ့သူတွေက ရွက်နု မြန်မြန် ထွက်စေချင်လို့၊ မုဆိုးတွေက တောခြောက်ချင်လို့၊ တောင်ယာ မီးရှို့ရင်း မီးကူး သွားလို့ စတာတွေကြောင့် ပါတယ်။ အဆိုးဆုံးက လက်ဆော့ပြီး အပျော် တောမီး ရှို့တဲ့ အဖွဲ့ပါပဲ။ အသိပညာပေးမှု က ချင်းတောင် အတွက် မလုံလောက်သေးဘူး” လို့ ဒီရက်ပိုင်းမှာ ကလေးမြို့ ကနေ တီးတိန်မြို့ကို ခရီးသွားခဲ့သူ ဒေသခံ တစ်ဦးက ပြောပါတယ်။
တီးတိန်မြို့ ပတ်ဝန်းကျင်မှာတော့ တောမီးတွေ ဟိုတစ ဒီတစ လောင်ကျွမ်း နေဆဲ ဖြစ်တယ် လို့လည်း ဒေသခံ များ ထံမှ သိရှိရပါတယ်။