Headlines

တိုက်ပွဲတွေကြောင့် အမ်း – ပဒါန်းလမ်းက တောင်ပေါ်ချင်းရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရလို့ကော်ဖီမခူးနိုင်ဘူးလို့ သိရ

မတ်လ ၁၁ ရက်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းက တောင်ပေါ်ချင်းရွာတွေက ဒေသခံတွေဟာ အခုနှစ်ကော်ဖီခူးတဲ့ရာသီမှာ တိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရလို့ အများစုက ကော်ဖီမခူးယူနိုင်ကြဘူးလို့ သိရပါတယ်။

ဒေသခံတွေဟာ ကော်ဖီကိုစီးပွားဖြစ် အရင်ကတည်းက စိုက်ပျိုးလာကြတာဖြစ်ပြီး စိုက်ထားတဲ့ ကော်ဖီတွေကိုလည်း ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ ခူးလေ့ရှိပြီး ဒီနှစ်မှာတော့တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ မခူးယူနိုင်ကြသလို ကော်ဖီခူးဖို့ ရွာမှာကျန်ခဲ့တဲ့ ဒေသခံတွေ စစ်ကောင်စီလေကြောင်းတိုက်တာခံရလို့ သေဆုံး၊ ထိခိုက်တာမျိုးတွေလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖြစ်ခဲ့တာတွေကြောင့်လည်း ဒေသခံတွေအများစု ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင် နေရတာလို့သိရပါတယ်။

ဒေသခံတစ်ဦးက “ဒီနှစ်မှာတော့ ကော်ဖီခူးတဲ့ရာသီမှာ တိုက်ပွဲတွေဖြစ်တဲ့ခါကြတော့ အများစုကမခူးနိုင်ကြဘူး ဈေးကလဲ အရင်နှစ်တွေထက်နှစ်ဆလောက်ရတယ် အရင်နှစ်က ကော်ဖီစေ့တစ်ပိဿာကို တစ်သောင်းခွဲရတယ် ဒီနှစ်မှာတော့ သုံးသောင်းလောက်ရတယ် ဒီထက်ဈေးပိုရမယ်လို့လည်း ဒေသခံတွေက ခန့်မှန်းကြတယ် ကော်ဖီခူးတဲ့လူတွေက အကုန်ထွက်ပြေးကုန်ကြတဲ့ခါကြတော့ တချို့ခူးနိုင်တဲ့ ရွာတစ်ချို့ရှိတယ် နီးနားမှာစိုက်တဲ့သူတွေလောက်ဘဲခူးနိုင်တယ် အများစုက မခူးနိုင်ကြဘူး ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၄ ရက်ကဆိုရင် လင်းတဲကျေးရွာ ဆိုရင် ကော်ဖီခူးမယ် ခူးပြီးမှစစ်ဘေးရှောင်မယ်လို့ကျန်ခဲ့တဲ့ ရွာကိုလည်း ဗုံးကြဲခံရလို့ ၂ ဦးသေတယ် အများအပြားဒဏ်ရာရတာမျိုးတွေရှိတယ် အဲလိုတွေဖြစ်တော့ အကုန်လုံးလည်း ထွက်ပြေးနေရတာပေါ့” လို့ပြောပါတယ်။

အရင်နှစ် ၂၀၂၄ ခုနှစ်က ကော်ဖီတစ်ပိဿာကို ၁ သောင်းခွဲဝန်းကျင်ရှိပြီး ဒီနှစ် ၂၀၂၅ ခုနှစ်မှာတော့ ကော်ဖီတစ်ပိဿာကို ၂ သောင်းခွဲကနေ ၃ သောင်းဝန်းကျင်ထိ ဈေးရှိတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းနယ်စပ်ဖြစ်တဲ့အမ်း – ပဒါန်းလမ်းပိုင်းမှာ စစ်ကောင်စီနဲ့ ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေမကြာခဏဖြစ်လေ့ရှိသလို လက်ရှိမှာလည်း အမ်း – ပဒါန်းလမ်းမပေါ်မှာရှိတဲ့ နတ်ရေကန်ပျူဟာကုန်းရဲ့ ကာကင်းစခန်းတွေနီးနားမှာ AA နဲ့ တော်လှန်ရေးပူးပေါင်းတွေက ပြီးခဲ့တဲ့လကနေ လက်ရှိချိန်အထိ တိုက်ပွဲတွေပြင်းထန်စွာဖြစ်နေတယ်လို့လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *