ချင်းတောင်တန်းက တိမ်ဖုံးနေသော ကြယ်ကလေး

လွန်ခဲ့တဲ့ ၇ နှစ် 9-7-2018 (Monday) က ဆရာမ သစ်ဇင် ရေးသားခဲ့တဲ့ ချင်းပြည်နယ် ချင်းတောင်တန်း ချင်းလူမျိုးတို့ပါဝင်တဲ့ ကျောင်းဇာတ်လမ်းလေးတစ်ပုဒ် ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။

Chin World Media

(ချင်းပြည်နယ် ချင်းတောင်တန်း ချင်းလူမျိုးတို့ပါဝင်တဲ့ ကျောင်းဇာတ်လမ်းလေးတစ်ပုဒ်ပါ အားပေးဝေဖန် ဖြည့်စွက်ပေးကြပါဦး)

9-7-2018 (Monday )

By Thit Zin

တိမ်တွေနေတဲ့အရပ်

မြူတွေဝေတဲ့အရပ်

မိုးတွေသည်းတဲ့အရပ်

နှင်းတွေမစဲတဲ့အရပ်

ပန်းတွေပွင့်တဲ့အရပ်

အလွမ်းတွေသင့်စေတဲ့အရပ်

အရာအားလုံးနှင့်ပြည့်စုံနေသောအရပ်

ချစ်ရသူတို့ချစ်သောအရပ်

***@@နွယ် ချင်းပြည်ကြီး ကို ချစ်သည် ။အထက်တန်းကျောင်းသူဘဝ ချင်းပြည်ဆိုတာဘာမှန်းမသိခင်ကတည်းက ချစ်သည်။ သိခဲ့ရတာကတော့ တောအလှ တောင်တန်း အလှများနဲ့အင်မတန်မှအချမ်းဓာတ်လွန်ကဲလှတဲ့ပြည်နယ်ကြီးပေါ့ ။ချင်းတိုင်းရင်းသားတွေကလည်း သိပ်ကို ရိုးသားပွင့်လင်းကြသည်ဆိုပဲ။ ထိုကဲ့သို့ချစ်ခဲ့ရသော ချင်းပြည်ကို transfer ပါတော့ ထခုန်မတတ်ပျော်ခဲ့ရသည်။ အဲ့ဒီအပျော်နဲ့ယှဉ်တွဲဖြစ်လာတဲ့ ဝမ်းနည်းမှုကြောင့်လည်း ချင်းပြည်ကို တာဝန် ထမ်းဆောင်ရကောင်းလား မထမ်းဆောင်ရကောင်းလားဆိုတဲ့ ဒွိဟစိတ်များလည်း ဖြစ်လာလေသည်။ နွယ် က လူလွတ်မဟုတ်ဘူးလေ ။ အရွယ်ငယ်ငယ်သမီးလေးနှင့်ကျောင်းစတက်ရတော့မည့် သားလေးက ရှိနေသေးသည်။ သူတို့ကို ပြုစုစောင့်ရှောက်ဖို့ ထိန်းကျောင်းဖို့ရှိသေးသည်။ ဒါပေမယ့် နွယ် မြတ်နိုးသော အလုပ်တစ်ခုရဲ့တန်ဖိုး က ဒွိဟစိတ်ကို ဆုံးဖြတ်ပေးလိုက်သည်။ ကလေးများကို ယောက္ခမ များတဖြစ်လဲ သူတို့အဖိုးအဖွားများ၏ ပြုစုစောင့်ရှောက်မှုအောက်တွင် စိတ်ချလက်ချထားခဲ့သည်။ ဝေးလံသောဒေသသို့မသွားရောက်ရန် အလုပ်ထွက်ရန် ဝိုင်းဝန်းတောင်းပန် တားမြစ်နေကြသော မျက်နှာများကို ဥပေက္ခာပြုကာ တာဝန်ကျရာ ချစ်သော ပြည်နယ်လေးသို့ထွက်ခွာရန် တိတိပပ ဆုံးဖြတ်ချက်ချလိုက်ပေတော့သည်။

***@@သခင်ဖိုးလှကြီး ဟုဆိုလျှင် မသိသူမရှိသော သမိုင်းရာဇဝင်တွင်ရှိခဲ့သော အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်း (ချောက်)မြို့လေး မှာ ၈ နှစ်တာလုံးလုံး တာဝန်ထမ်းဆောင်ခဲ့ပြီပြီ။ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း လွမ်းဆွတ်ခြင်း ရင်ခုန်ခြင်း စိတ်လှုပ်ရှားခြင်းများစွာနှင့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (ဟားခါး)မြို့လေးသို့ ဦးတည်ထွက်ခွာလာခဲ့ပေသည်။ ခရီးသည်အပြည့်ပါလာသော ကားလေးသည် ပုလဲ ၊ ကျော ၊ ဂန့်ဂေါမြို့များကို ဖြတ်ကာ တအိအိနှင့်တောင်ပေါ်သို့တက်လာလေသည် ။ အကွေ့အကောက်များနှင့် သဲထိတ်ရင်ဖိုဖွယ်ရာကောင်းလှပေသည်။ကားတစ်စီးနှင့်တစ်စီး မမြင်ရပေတဲ့ တောင်အကွယ်တွေမှာ ဘွားခနဲ ပေါ် လာသော အဆင်းကားများနှင့် လည်းတိုက်မိမှာ စိုးထိတ်လှပေသည်။ သို့ပေမယ့် ဘေးပတ်ဝန်းကျင် တွင် မြင်ရသမျှ စိမ်းစိုညို့မှိုင်းနေသော တောတောင်အလှ ရှုခင်း အလှတွေက နွယ့် စိတ်ကို ဖမ်းစားထားလိုက်သည်။ကားရဲ့ဒီဘက်ခြမ်းမှာ ထုထည်ကြီးမားသော တောင်နံရံကြီး များ ဟိုဘက်ခြမ်းမှာ ချောက်ကမ်းပါးအနက်ကြီးများက ကျောထဲ စိမ့်ခနဲ့နေအောင် ကြက်သီး ထစရာကောင်းလောက်သည်။ အနောက်ဘက်မှာ တစထက်တစ ဝေးကွာနေခဲ့သော လမ်းတို့ သည် အစိမ်းရောင် ကတ္တီပါ စပေါ်တွင် ပန်းချီကားဆန်စွာ လူးလွန့့်ကျန်ရစ်နေခဲ့သည်။ ရုပ်ရှင်ထဲမှာသာလျှင်တွေ့ဖူးသော စာထဲမှာသာလျှင် ဖတ်ဖူးသောဒီလို အလှတရားများ ကို ကိုယ်တိုင် ကိုယ်ကျ လက်တွေ့ကျကျမြင်လိုက်ရသောကြောင့် ကြည်နုးမှုမဆုံးဖြစ်လာရ သည်။ ဟာခနဲ ဟင်ခနဲ ဖြစ်ရလောက်အောင် ပါးစပ်ကိုပင်မစိနိုင်လောက်အောင် ငေးမော လိုက်ပါလာခဲ့သည်။ တခါတရံ ကားလမ်းဘေးတွင် ဂျိုကောက်ကောက်နှင့် ကျွဲကြီးများကိုလည်း တွေ့ရပာသေးသည် ။ဒါဟာလည်း အလှတရားတစ်ခုပေပဲ မဟုတ်လား ။ဟားခါးမရောက်ခင် ရွာစဉ်များကို တစ်ရွာချင်း ဖြတ်ရပေသည်။ ချင်းအမျိုးသမီးတို့သည် သူတို့ကလေးများကို ချင်းတဘက်စောင်ကြီးများဖြင့် သိုင်းကာ ကျောပိုးထားသည်ကိုလည်း တွေ့မြင်နေရပေသည်။လုံအောရွာ၊ ဘုံဇုံးရွာ၊ လေအွမ်ရွာ ၊လုံကြွေးရွာ တို့ကိုဖြတ်ပြီး လမ်သုပ်ရွာလေးမှ ခေတ္တခဏနားကြပါသည်။ အညာမှာ ပူလောင်သမျှ အအေးဓာတ်လေးဝင်လာတော့ အသင့်ပါလာသော ပုဝါလေး ထုတ် ကာ ခြုံလိုက်ရသည်။ကော်ဖီပူပူလေးသာလျှင် သောက်ပြီး လမ်သုပ်မှ ထွက်ခွာခဲ့ကြသည်။

***@@နာရီကြည့်လိုက်တော့ ၅နာရီ ခွဲ စွန်းစွန်း။

နေလုံးကြီးက အနောက်ဘက်ယွန်းယွန်းသို့ဝင်တော့မယ်ဟန်ပြင်နေပုံပေါ်သည်။တောင်စွယ်တွေကွယ်နေတော့ နေလုံးကြီးကိုတော့ မမြင်ရပေ။ပုဇွန်ဆီ အရောင်အသွေးတို့က တောင်တန်းအထပ်ထပ်ကို ဖြန်းပက်ထားသော မြင်ကွင်း နှင့် အချိန်နာရီကို ကြည့်ကာ ခန့်မှန်းလိုက်ခြင်းဖြစ်သည်။အပြာနုရောင်ကောင်းကင်ကိုနောက်ခံထားပြီးစိမ်းစိုနေသော တောင်တန်းကြီးများပေါ်သို့ အနောက်ဘက်မှ ထိုးကျနေသော ညနေစောင်းနေရောင်ဖြိုးဖြဖြ။ဘယ် ပန်းချီ ရေးလို့မှီနိုင်ပါ့မလဲ။ဟားခါးမရောက်ခင် နောက်ထပ် ရွာစဉ် ၄ ရွာကို ဖြတ်ရပြန်သေးသည်။ သီနမ်းရွာ၊ ရွာဗန်းရွာ၊ ဇိုခွားရွာ တို့ကို အဆင့်ဆင့်ဖြတ်ကာ ကားလေးရုန်းကာ တက်ခဲ့ရသည်။ သူ့ခမျာ တနေကုန် ခရီးနှင်ခဲ့သည်တောင်မှ ပင်ပန်းနေသော်လည်း တချက်မငြီးငြူ ဘဲလိုက်ပါလာသော ခရီးသည်များ မြို့လေးဆီသို့အေးချမ်းစွာ ရောက်နိုင်စေဖို့အစွမ်းကုန် မာန်တင်းပြီး တရွေ့ရွေ့ဖြင့်တက်နေပေသည်။ ဟားခါးမြို့ကို ရောက်ဖို့ ၆ မိုင်အလို လေပီးရွာ ရောက်တော့ အအေးဓာတ်ပိုကဲလာ၍ ပုဝါလေးနှင့် မရတော့ အိတ်ထဲမှ အနွေးထည်လေးထုတ်ကာဝတ်ရတော့သည်။နေရောင်ကွယ်ကာ တောင်တန်းတို့သည် မှိုင်းညို့လာလေပြီ။ ကောင်းကင်အပြာနုတို့ သည် အပြာရင့်ရောင်ပြောင်းလဲလာလေပြီ။တောင်ပေါ်အမြင့်ပိုင်းသို့ရောက်လာလေလေ အအေးဓာတ်ပိုကဲလာလေလေပင်။ လတ်ဆတ်အေးမြသော တောင်ပေါ်လေ သည် ကားဆရာ ဘေးဘက် ကားမှန်တံခါးမှတဆင့်ဝင်လာသည်။မျက်စိ စုံမှိတ်ကာ အားပါးတရ ရှူရှိက်လိုက်သည်။

အကွေ့အကောက်များလွန်းလှသောလမ်းကို တစ်နာရီ ၁၀ မိုင်နှူန်းဖြင့် ကားဆရာကကျွမ်းကျင်စွာ မောင်းသော်လည်း မိုင်တိုင် တစ်ခုနှင့်တစ်ခုကြား တော်တော်လေးနှင့် ရောက်နိုင်လှသည်မထင်။

“ဟိုးမှာမြင်နေရတာ ဟားခါးမြို့ပဲဗျို့”

၁မိုင်အလိုကျ ကားဆရာက လှမ်းပြောတော့ ကြည့်လိုက်မိသည်။ တောင်ခြေမှာ ရစ်သိုင်းကာ ဆိုင်းနေသော မြူတွေက မြို့ပြ ၏ မီးအလင်းရာင်လေးများကို မှိန်ပျပျ ဖြစ်သွားစေသည် ။ လွမ်းမောစရာ မြင်ကွင်းလေး မလို့အိမ်ကိုတောင် သတိရမိပြီး မျက်ရည် ဝဲလာသေးသည်။ ည ၉နာရီကျော်ကျော်မှာ ဟားခါးမြို့လေးထဲသို့ဝင်လာပါပြီ။ အနောက်ဘက် က ကျော်တက်လာသော ကားမီးရောင်ကြောင့် ဖျတ်ခနဲ မြင်လိုက်ရသော ” ဟားခါးမြို့မှ နှုတ်ခွန်းဆက်သပါ၏ ” ဟူသောဆိုင်းဘုတ်မှ အောက်ချင်းငှက် နှစ်ကောင်က သူမကို လှိုက်လှဲစွာ ကြိုဆိုနေသည်။ပင်လယ်ရေမျက်နှာပြင်အထက် ( ၆၁၂၀ ) ပေအမြင့်ရှိသော ထိုမြို့လေး ထဲသို့ဝင်လာလေလေ မြူတွေနဲ့ပိန်းအောင် မှောင်လေလေပါပဲ ။ပတ်ပတ်လည်မြူတွေ ကြောင့် ကားရှေ့တစ်ပေခန့်သာသာမြင်ကွင်းကိုသာ မြင်ရသည်။ ဒီပြည်နယ့်လေးကိုချစ်နေသူ နွယ့် အတွက်ကတော့ မြူဖုံးနေသည်ကပင် အလှတရား တစ်ခုမဟုတ်ပါလား။

***@@ပြူတင်းတံခါးပေါက်မှန်မှတဆင့် တိုးဝင်လာသော နေရောင်ခြည်ကြောင့် အိပ်ရာပေါ်မှာ လူးလှိမ့်လိုက်သည် ။ အိပ်ချင်မူးတူးနှင့် အိမ်က အိပ်ယာပေါ်မှာလို့ထင်လိုက်မိသည်။ဘေးဘီကြည့်လိုက်မှ နယ်မြေသစ်မှာ ခြေ ချနေပြီဖြစ်ကြောင်း သတိရမိသွားသည်။ မနေ့က ခရီးပန်းလာတာကြောင့် ကျောတစ်နေရာစာ ရှင်းပြီး အိပ်ယာခင်းကာ အိပ်စက်ခဲ့သည်။ မိသားစု တချိန်ချိန်လိုက်လာလျှင် နေထိုင်ဖို့အဆင်ပြေရန်အလို့ငှါ မိသားစု လိုင်းခန်းကို ယူထားသည်။ အိမ်သာ ၊ဘေစင်၊ ရေချိုးခန်း အစုံပါသည်။ အိပ်ခန်း နှစ်ခန်း မီးဖိုးခန်းတစ်ခန်း ပါသည်။အိမ်ရှေ့တည့်တည့်တွင် နှင်းဆီပင်များရှိသည်။ ပွင့်သည်ကပွင့် ဖူးသည်က ဖူးနေပေပြီ။ ယခင်နေထိုင်သွားခဲ့ကြသော ဆရာ၊ဆရာမများ စိုက်ပျိုးထားခဲ့ပုံပေါ်သည်။တစက်မြိတ်အောက်တွင် ဝါးခုံတန်းလေးထိုးထားသည်။ ဤနေရာမှ လှမ်းမျှော်ကြည့်လျှင် တောင်တန်းများအသွယ်သွယ် တွင် မြူ ခိုးတိမ်ခိုးတွေအလိပ်လိုက် အစိုင်လိုက် အထပ်ထပ်ဝေနေသည် ကို ထင်ရှူးပင်ကြီးများမှ ကျော်လွန်၍ မြင်တွေ့နေရသည် ။ တိမ်ပင်လယ်ဟုခေါ်သည်။ ငွေကြေးပမာဏပေးဝယ်လို့ပင်မရနိုင်သော ဒီလို အလှအပ ရှုခင်းသဘာဝတရားများကို အိမ်ရှေ့တခါး လှပ်လိုက်ရုံဖြင့်ပင် အတိုင်းသား မြင်နေရသည်မှာလည်း ကံကောင်းခြင်းတစ်မျိုးပါပဲလား။

ထိုအလှတရားများနှင့် ပနံသင့်အောင် အိမ်ကိုလည်း လှည်းကျင်း သန့်ရှင်းရေးလုပ် နေရာထိုင်ခင်းများချကာ အလှဆင်ရပေဦးမည်။

***@@မင်္ဂလာနံနက်ခင်းပါ ဟားခါး……

နိုဝင်ဘာ နံနက်ခင်း၏ သန့်ရှင်းအေးမြသောလေက မျက်နှာပြင်ကို ပွတ်တိုက်သွားသည်။ တောထဲမှ မြောက်လေနှင့်တကွ ရောယှက်ပါလာသော ထင်ရှုး ရနံများကို တဝကြီးရှူရှိူက်လိုက်သည်။ ေတာင်တန်းသွယ်များကြားမှ နေဝန်းနီ သည် တိမ်ဆိုင်တိမ်ခဲများကို ထိုးဖောက်ထွက်ဖို့ရန်အားယူနေသည်။ ရွှေလိမ္မော်ရောင်ဦးဆောင်သော အရောင်မျိုးစုံတို့သည်မြူတိမ်ဆိုင်များကို ဖောက်ထွက် ဖို့ကြိုးစားနေစဉ် အရောင်သွေးများစုံလင်စွာဖြင့် တောင်တန်းအထပ်ထပ်ကို ဖြန့်ကျက်ထားသည်။အဖြူ အနီ အဝါ ပန်းနုရောင် စသည်ဖြင့် အရောင်သွေး စုံလင်အောင် ပွင့်နေကြသော ချင်း နှင်းဆီကြီးများ၏ရနံ့သည်လေသင့်တိုင်း မွှေးနေလေသည်။တချို့အပင်တွေဆို တစ်ခိုင်ထဲမှာပင် အဆုပ်လိုက် အဆုပ်လိုက်ပွင့်သည်။ထိုသဘာဝတရားများရဲ့အလှအပကိုကြည်နူးခံစားရင်း တပြိုက်နက်တည်းမှာပင်စိတ်လှုပ်ရှားမှုလည်းဖြစ်ပေါ်နေသည်။

အဘယ်ကြောင့်ဆိုသော် အတန်းဝင်ရမည့်ပထမဆုံးရက်ဖြစ်နေလို့ပဲလေ။ ရင်ခုန်နေမိသည်။ တိုင်းရင်းသားလေးများက ကြိုဆိုပါ့မလား ။ စာသင်ရသည်ကော အဆင်ပြေပါ့မလား။ သူတို့စကားနှင့်ကိုယ့်စကားလိုက်လျောညီထွေဖြစ်အောင်ပြောနိုင်ပါ့မလား။အတွေးပေါင်းများစွာနှင့်…….

***@@ဘုရားရေချမ်း ၊မျက်နှာသစ်တော်ရေ ၊ပန်း ဆီးမီး ၊အမွှေးတော်၊ အလင်းတော်ကပ်လှူပူဇော် ဘုရားဝတ်ပြု ကာ သတ္တဝာအပောင်းကို မေတ္တာပို့ဆုတောင်းပေးခဲ့သည်။ပြီးနောက် ပြေပြစ်လှပသောမျက်နှာကို ပိုမိုကြည့်ကောင်းအောင် မိတ်ကပ်ခပ်ပါးပါး လူးလိုက်သည်။ပါးမလိုနဲ့ထူတွဲနေသောနှုတ်ခမ်းလေးများကို နှုတ်ခမ်းနီ ခပ်ရဲရဲလေးဆိုးလိုက်သည်။ အရိုးကွဲအောင် အေးသည့်ဒဏ်ကြောင့် ပါးအို့့လေးများမှာ အရောင်ခြယ်စရာမလို သူ့အလိုအလျောက် ပန်းသွေးရောင်လွှမ်းနေသည်။

ယူနီဖောင်းလဲလိုက်သည်။ အအေးဒဏ်ကို အံတုနိုင်ဖို့့ ယုန်မွှေးအနွေးထည်ပေါ်သက္ကလပ်ကုတ်ထူထူလေးဝတ် မာဖလာလေးပတ် ပုဝါခြုံကာ ထွက်ဖို့ရန်ဟန်ပြင်သည်။ ပွင့်ဖတ်များကားနေအောင် ပွင့်နေသော နှင်းဆီနီနီရဲရဲတစ်ပွင့် ကိုလည်း ခူးကာပန်ဆင်လိုက်သည်။ကတ္တီပါပုံတော်ဖိနပ် အနီရဲရဲလေးကို ထုတ်ကာစီးလိုက်သည် ။လူတစ်ယောက်၏ အသွင်အပြင်သည် စိတ်အခြေအနေတို့ ကို ပြောင်းလဲပေးတတ်သောကြောင့် ယနေ့အတွက် နွယ့်ကိုယ့်ကိုယ် ကို ယုံကြည်မှုရှိစေဖို့အတွက် အနီရဲများကိုသာလျှင် ဆင်မြန်းသွားသည်။ ခြေတဖက်လှမ်းလိုက်လေတိုင်း နှလုံးသား တစ်ချက်ခုန်ပါလေသောစိတ်လှုပ်ရှားမှု့များစွာနှင့် လျောက်လှမ်းလာရာအတန်းရှေ့တောင် ရောက်လာနေပြီပဲ။စိတ်လှုပ်ရှားမှုတွေဘေးဖယ်ထားပြီး အပြုံးလှလှ တပ်ဆင်တာချိုလွင်သော မျက်နှာပေးနှင့် အတန်းထဲသို့ဝင်လိုက်သည်။

“မင်္ဂလာပါ ဆရာမ ၊ကြိုဆိုပါတယ် ဆရာမ”

လှိုက်လှဲသော တညီတညာတည်း နှုတ်ခွန်းဆက်သံက အားရှိသွားစေသည်။ ရင်ထဲ အေးမြသွားစေသည်။ ချင်းပြည်၏အေးမြသောရာသီဥတုဒဏ်ကြောင့် မဟုတ်ပေဘဲ ကျေနပ်ပီတိကြောင့် ဖြစ်ပေါ်လာသောအေးမြမှုပေတည်း။

“ဆရာမနာမည် က ဒေါ် နွယ်စိမ်း လို့ခေါ်တယ်

မကွေးဇာတိပါ ချောက်ကျောင်းကနေပြောင်းလာတယ် အဝေးကြီးကို တာဝန်ကျလို့အလုပ်ထွက်ခိုင်းတဲ့ မိသားစုကို အတိုက်အခံလုပ်ပြီး ထွက်လာခဲ့တယ် ဒီချင်းပြည်နဲ့ချင်းတိုင်းရင်းသားတို့ရဲ့ သဘောသဘာဝကို သိချင်တယ် ပြီးတော့ ချစ်တာလည်း ပါတာပေါ့ကွယ်”

နွယ်က ဦးစွာပထမ မိတ်ဆက်ပေးလိုက်တော့ ရှေ့ဆုံးခုံကနေ စကာ တစ်ဦးချင်း စတင်မိတ်ဆက်လေတော့သည်။

” ငါက နူးနူးပါဆရာမ”

“သမီး မိုင်ဆွီးဆွီးပါ “

“ငါက ငွန်ထားပာရ်”

“ငါက ဟာဟုန်းထန်း”

“ကျွန်တော်က လျန်ချင်း”

“သားက ဒီမိုးဆန်း”

“ကျွန်တော်က ဗန်ဒိန်းထန်”

နင်နဲ့ငါ သုံးနေသော်လည်း ရိုင်းစိုင်းသည့် အမူအရာမရှိ ။ပကတိရိုးသားပွင်းလင်းကြသည်။ သူ တို့ဓလေ့ အရ နင် နဲ့ ငါ အသုံးက အင်္ဂလိပ်လို I နှင့် You အသုံးကဲ့သို့ပင် ။ဖတ်ခဲ့ဖူးသော စာအုပ်ထဲမှ သူ့တို့အကြောင်းကြောင့် ထိုအသုံးသည် နွယ့်အဖို့အံ့သြစိတ်ဆိုးခြင်းအလျဉ်းမရှိ နားလည်သဘောပေါက်မိသည်။ တစ်ဦးချင်းစီ အစဉ်လိုက် မိတ်ဆက်ကြရာ နောက်ဆုံးခုံရောက်သောအခါ ကျောင်းသားတစ်ယောက်သည် ခုံတန်းရဲ့ ထောင့်စွန်း နံရံ နှင့် ကပ်လျက် ချောင်ကျကျနေရာတွင်ထိုင်နေသည် ။ မှုန်ကုပ်ကုပ် စောင်ပေပေနှင့် ခေါင်းကိုငုံ့ထားသည်။လိပ်ခွေနေသော နီကျင်ကျင် ဆံစ တို့က သူ့ညာမျက်လုံးကိုဖုံးကွယ်နေသည်။ သူ့ဟန်ပန်သည်ကျွတ်ဆတ်ဆတ်နိုင်လှသော်လည်းနူ းညံ့ သိမ်မွေ့သော စိတ်ရင်းအမှန်ကို သူ့မျက်လုံးတွေမှ တဆင့်တွေ့မြင်နေရသည်။ဖိုသီဖတ်သီ ဆန်လှသော သူ့ဝတ်စားဆင်ယင်ပုံက ကျောင်းသားတစ်ယောက်နှင်မတူ ။

သူ့အလှည့် တွင်

” ဆလိုင်းပါထန် “

ဟု တိုတိုပြတ်ပြတ်မိတ်ဆက်လေသည်။အပြုံးအရယ် မရှိ ခပ်တည်တည် ခပ်ပြတ်ပြတ်ထပြောသောကြောင့် နွယ့် စိတ်ထဲ ကသိကအောင့်ေ တာ့ ဖြစ်ရလေသည်။ထိုသို့ အချင်းချင်း အပြန်အလှန် မိတ်ဆက်ကြရင်း တစ်ချိန်အတွင်းမှာ ရင်းနှီးမှု တွေ ပိုမို လာသည်။ ဖော်ရွှေသော သူတို့အမူအရာ ပြုံးရွှင်သော သူတို့မျက်နှာ အားကိုးတကြီး ကြည့်နေပါသော သူတို့မျက်ဝန်း များမှ စကားသံတို့သည် နွယ့် အဖို
ခွန်အားဖြစ်စေသည်။

***@@ထိုနေ့ညက ဆလိုင်းပါထန် အကြောင်းကို ခေါင်းထဲမှာ တွေးနေမိသည်။ ဒီလိုအရွယ်လေးမှာ ဒီလို ပုံစံဖြစ်နေရတာ တစ်စုံတစ်ရာ အကြောင်းများ ရှိလို့လား။ ရယ်မော ပျော်ရွှင်ခြင်းဆိုတာကော သူ ခံစားဖူးသလား။သူ့ကို ကျွတ်ဆတ် မာကြောစေတဲ့ အကြောင်းတရားများက ဘာပါလိမ့်။ အားလုံးနှင့်ဆန့်ကျင်ဘက် ဖြစ်နေသော ပါထန် ကို စိတ်ဝင်စားမိသွားသည်။ အပြင်ဘက်တွင် ထင်ရှူးပင်များကို တိုးတိုက်နေသော လေတိုးသံတရှဲရှဲ များကြောင့် ဟားခါး ဆောင်း၏ သရုပ်က ပိုမိုပေါ်လွင်လှသည်။ မနက်ဖန် လည်း ပါထန် တို့အတန်းမဟုတ်သည့် အခြားအတန်း ကို ဝင်ရမည်ဖြစ်သောကြောင့် အတွေးများကို လက်စသတ်ကာ မှေးစက်လိုက်လေသတည်း။

***@@ပါထန် တို့အတန်းကို ဝင်ရသည့်တတိယမြောက်အကြိမ်……….

ကလေးများ မငြီးငွေ့ရလေအောင် ကိုယ်ကချည်း တဖက်သတ်ရှင်းပြမနေဘဲ သူ တို့နှင့် အပြန်အလှန်ဆွေးနွေးကြသည်။ Student Center Approach ကို သုံးကာ ဆွေးနွေးသင်ကြားသည်။ တစ်ခန်းလုံးတစ်ယောက်မကျန် ဆွေးနွေးရလေသည်။ ပါထန် အလှည့်ရောက်တော့ သူက မတ်တပ်မရပ်ပေ။

“မရဘူး မပြောတတ်ဘူး “

ဟုသာ ခပ်ပြတ်ပြတ်ပြောသည်။ သူ့အလှည့်ကျရောက်တိုင်း ထိုသို့တစ်ခါမက ငြင်းဆိုသည်များကို အမြင်မကြည်လှတော့ ။ သူများတွေ ပြောနိုင် ဆွေးနွေးနိုင်ရင် သူလည်း ဆွေးနွေးနိုင်ရမည် ။ ပြောနိုင်ရမည်။ ထို့အပြင်ထို့နေ့က နွယ့် အချိန်မှန်းသိသိနှင့် တခြားဘာသာရပ် စာအုပ်ကို ရှေ့ချထားသည်။ အရမ်းခံပြင်းသွားသည်။ ကိုယ့်စာသင်ချိန်မှာ တခြား ဘာသာရပ်စာအုပ်ကို ချထားသည် ခံစားချက်ကတမျိုး စာမေးလိုက်တိုင်း ငြင်းဆန်နေတတ်သော ဒေါင့်ချိုးမကျသည့် အပြုအမူကတမျိုးပေမို့ တော်တော်လေးဆူလိုက်မိသည်။ ဒေါသသံစွက်၍ ကျယ်လောင်သွားသည်။ဆူသမျှကို ဘာမှပြန်မပြောပါဘဲ ခေါင်းငုံ့ကာ နားထောင်နေသည်။ နွယ် မောဟိုက်သွားသည်။ စာလည်းဆက်သင်ချင်စိတ်မရှိပေတော့။ ပါထန် ကို ပြောင်းလဲပစ်ဖို့ အမျိုးမျိူးကြိုးစားသည်။ သို့ပေမယ့် ဒီနေ့လုပ်ရပ်က နွယ့် စိတ်အားထက်သန်မှုကို ရိုက်ချိုးပစ်လိုက်သည်။ တသက်လုံး ပြောင်းလဲလို့မရမယ့် ကလေးပဲ ဟု ကောက်ချက်ချမိသည်။ ဘာပစ္စည်း မှ သယ်ယူချင်စိတ်မရှိအောင် ခြေကုန်လက်ပန်းကျမိသည်။ ဆွီး ကို သယ်ခိုင်းကာ အိမ်အထိ လိုက်ပို့ခိုင်းရသည်။ အေးမြသောဆောင်းနှင့် ဆန့်ကျင်ကာ ရင်တွင်းဒေါသအပူများကြောင့် စိတ်အိုက်ကာ ချွေးတောင် စို့လာသည်ထင်မိသည်။

“ဆွီး… သမီးနဲ့ပါထန် နဲ့က သူငယ်ချင်းတွေဆိုတော့ သူ့အကြောင်းသိမှာပေါ့ သူ ဘာဖြစ်လို့
ဂျစ်ကန်ကန် ပော့ပြက်ပြက် လုပ်နေရတာလဲ “

အတန်းထဲတွင် ပါထန်းသည် မိုင်ဆွီးဆွီး နှင့်သာ စကားပြောသည်။ ထို့ကြောင့်မေးလိုက်ရခြင်းဖြစ်သည်။

“ဆွီးနဲ့ဒေသချင်းမတူတော့သိပ်မသိဘူးရယ် သိတာကတော့ သူ့ နူနူ(မေမေ) ကသူငယ်ငယ်လေးကတည်းကဆုံးသွားခဲ့တယ် သူ့ပါပါး(အဖေ)ရယ်သူ့ပီးပီး(အဖွား)ရယ်နဲ့အတူတူနေတယ်တဲ့”

သြော်…အမေမရှိတော့ဘူးတဲ့လား

မိခင် မေတ္တာငတ်မွတ်နေတဲ့ဒီကလေး ၊ဖခင်ကကော မေတ္တာအပြည့်အဝပေးနိုင်ပါရဲ့လားဆူငေါက်ပြီးကာမှ အတော်လေး စိတ်မကောင်းဖြစ်ရပါသေးသည်။

” ဆရာမ အိမ်ရောက်ပြီ ဆွီး ပြန်တော့မယ် mangtha မန်းထား(ကောင်းသောညချမ်းပါ) “

ဟု နှုတ်ဆက်ကာ စာအုပ်များချပြီး ပြန်သွားလေသည် ။ အိမ်ထဲ မဝင်နိုင်ပါသေးဘဲ ထွက်ခွာသွားသော ဆွီး ကို ငေးကြည့်နေမိရင်း ဆူငေါက်မိတာ မှားများမှားသွားလေသလား ။ အို … ဆရာမ တစ်ယောက် မှာ ကျောင်းသား လမ်းလွဲနေရင် တည့်မတ်ထိန်းကျောင်းပေဖို့ဆူသင့်ရင်ဆူ ဆုံးမသင့်ရင် ဆုံးမရမှာပဲ လေ ။စေတနာဒေါသနဲ့ပြောမိတာပဲလေ။ ငါမမှားဘူး ။ ဟင် …မိခင် မေတ္တာငတ်မွတ်နေသူကို ငါအောက်ငေါက်မိတာ အမှားပဲပေါ့ ။မမှားဘူး မှားတယ် အတွေးနှစ်စ လွန်ဆွဲနေသည်။

ဘုရား ဘုရား ပါထန် နောက်နေ့ကျောင်းလာမတက်ရင် ဘယ်လို လုပ်ရပါ့ ငါမှားများမှားသွားလေပြီလား……

***@@ မြူဖုံးသော နံနက်ခင်းတခု…..

ဆောင်းနှင်းမှုန်တို့က တမြို့လုံးဖုံးလွှမ်းနေသည်။တောင်တန်းတွေကိုပင် မမြင်ရတော့ပေ ။ ၈နာရီခွဲ
သည့်တိုင်အောင် မြူမကွဲသေး ။ထင်းရှူးအရွက်များမှ တဖြောက်ဖြောက်ကျနေသော ရေစက်တို့သည် မိုးစက် ပွင့်တို့မဟုတ် ။နှင်းစက်တွေ နှင်းမိုးတွေရွာနေခြင်းသာဖြစ်သည်။

…နှင်းခဲတွေကြွေ နှင်းမိုးတွေရွာ ချင်းမိခင်တောင်တန်းချမ်းနေချိန်…….သီချင်းလေးညည်းဆိုလိုက်သည်။ မနက် ၉နာရီအတန်းမလို့ခပ်သွက်သွက်လေးပြင်ကာ ထွက်ခဲ့သည်။

ပါထန် အတန်းချိန်လာပါစေကြောင်း ဆုတောင်းလာခဲ့ရသည်ကလည်းအမော။ အတန်းထဲဝင်သွားတော့
ထင်သည့်အတိုင်း ပါထန် ကို မတွေ့ရချေ။အတော်လေးစိတ်မကောင်းဖြစ်သွားသည်။နောက်ထပ် အနာဂတ်လူငယ်တစ်ယောက်လမ်းပျောက်သွားလို့မဖြစ်။ နောက်နေ့ဆွီးနှင့်အမှာတော်ပါးလိုက်မည်ဟုစိတ်ကူးနေတုန်းတွင် အခန်းတံခါး ဖွင့်ကာ ဝင်လာသူက ပါထန်……..နွယ် အံ့သြဝမ်းသာသွားရသည်။ အလိုလို ပြုံးမိသွားသလားမသိ။ ပါထန် ကသူ့ပုံစံအတိုင်း ခပ်ချေချေပင်ဝင်လာပြီး သူ့နေရာတွင် ဝင်ထိုင်လိုက်သည်။

ပါထန် ၏ အခြေအနေကို အကဲခတ်လိုက်သည်။ဒီနေ့စာအုပ်ပါလာသည်။စိတ်ဝင်တစားလိုက်နားထောင်နေသည်။နွယ့် ကိုယ်ကို့ အပြစ်ရှိသူတစ်ယောက် ကဲ့သို့မခံစားရတော့ပေ ။ကျေးဇူးတင်ပါတယ် ပါထန် ဟုစိတ်ထဲမှ ဆိုလိုက်မိသည်။

” ပါထန် ဒီနေ့ဆရာမကို စာအုပ်ကူသယ်ပေဦး”

တွန့်လိမ်နေသော ဆံပင်များကြားမှ ပေစောင်းစောင်းကြည့်ကာ ခေါင်းတချက်ဆတ်လိုက်သည်ကို မြင်လိုက်သည်။တမင်တကာလိုက်ပို့ခိုင်းခြင်းဖြစ်သည်။ စာသင်ခန်း နှင့် နွယ် နေသောအိမ်သည် ပုံမှန်လျှောက်လျင် ၁၅မိနစ် ခန့်လျှောက်ရသည်။စကားတွေပြောရင်း ရင်နှီးမှုရယူလိုသည်။တိတ်ဆိတ်နေသည်မို့ နွယ်က စကားစလိုက်သည်။

“ပါထန် က ဘယ်ဇာတိလဲ”

” ဇိုတုန် နယ် စာလ်ထောင်ရွာ က ပါ”

ဇိုတုန်လူမျိုးတွေရှိတယ်လို့တော့ ကြားဖူးထားသည်။ချင်းပြည်မြောက်ပိုင်း ဟားခါးမြို့နှင့် ချင်းပြည်တောင်ပိုင်း မတူပီမြို့ ကြားနယ်စပ်လေးတစ်နေရာဖြစ်သည်။ဗတူပွီကနေ ဟားခါးချင်းစကားဖြင့်
ပြောင်းလဲ တိုးတက် လာကြသော မတူပီမြို့နယ်အတွင်း အများအားဖြင့် မတူ ၊မရာ ၊လာအိုတူ ၊ ဇိုတုန် ၊ ဒိုင် လူမျိုးစု ၅ စု နေထိုင်ကြသည်။ထို့ကြောင့်ဇိုတုန်လူမျိုးတို့သည် နယ်နမိတ်အရ တောင်ပိုင်းအုပ်စုတွင်ပါဝင်ပြီး ရိုးရာဓလေ့ ယဉ်ကျေးမှု အရမြောက်ပိုင်းအနွယ်များဖြစ်ကြသည်။

အရှေ့ဘက်တွင် ဂန့်ဂေါ ၊မြောက်ဘက်တွင် ဟားခါး ၊ တောင်ဘက်တွင် မတူပီ နှင့် မင်းတပ် စသည့်မြို့များရှိသည်။ပါထန် သည် နွယ် စိတ်ဝင်တစားလေ့လာခဲ့ဖူးသော နေရာက လူမျိူးနွယ်တစ်စုပေပဲ။

“ချင်းလူမျိုးတွေ အရမ်း ဖော်ရွှေကြတယ်လို့ကြားတယ် ပါထန် က ဘာလို့ဆန့်ကျင့်ဘက်ဖြစ်
နေရတာလဲ ဟင်”

ဆရာမရဲ့အမေးကို ပါထန် က ပြန်မဖြေဘဲ သက်ပြင်း ရှည်ကြီးတစ်ခု ချလိုက်သည်။

“ပါထန် မြိုသိပ်ထားရတိုင်းလည်းမကောင်းဘူး ကိုယ်နဲ့ရင်းနှီးတဲ့ သူငယ်ချင်းကိုပဲ ဖြစ်ဖြစ် ရင်ဖွင့်စရာရှိတာဖွင့်ပြောလိုက် ခံစားရတာတွေ နည်းနည်းသက်သာသွားမယ်ထင်တယ်”

ပါထန် က လာရာလမ်းတလျှောက် တောင်ပြာတန်းတွေကို ငေးကာ တွေဝေသွားသည်။ သူ တနေ့နေ့
တော့ ပြောပြလိမ့်မည်ဟုထင်သည်။သိခွင့်ရှိအောင်လည်းကြိုးစားရပေမည်။ သည်ကလေး ရဲ့
ရင်တွင်းက ဝေဒနာများကို မျှဝေခံစားပြီး နှစ်သိမ့်အားပေးကူညီပေးချင်မိသည်။အိမ်ရှေ့ရောက်တော့ စာအုပ်များကို လက်ထဲထည့်ကာ ” မန်းထား” ဟုနှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။

*** @@ဒီတစ်ခေါက် စာသင်ခန်းကအထွက်နွယ့် လက်ထဲမှ စာအုပ်များကို ဆတ်ခနဲ ဆွဲယူကာ”လိုက်ပို့ပေးမယ်” ဟုပြောပြီး ပါထန် ရှေ့ကထွက်သွားသည်။ထုံးစံအတိုင်း လျှောက်လှမ်းလာရာမြေနီလမ်းလျှောက် ဆရာတပည့်နှစ်ဦးသားအေးဆေးတိတ်ဆိတ်စွာလျှောက်လာကြသည်။ထုံးစံအတိုင်း နွယ် ကဦးစွာ စကားစလိုက်သည်။

“လူမိုက်နဲ့လူလိမ္မာဆိုတာက မွေးရာပါ ဇာတိစိတ်ကြောင့် မဟုတ်ဘူး ကိုယ်ကိုယ်တိုင် ဖန်တီးယူကြတာပဲ ကိုယ့်ကို ကို လူဆိုးလူမိုက်လို့ခံယူနေရင် ကိုယ်ကိုယ်တိုင်ဟာ လူဆိုးလူမိုက်ပဲဖြစ်မယ် ပြီးတော့ ကိုယ့်ရ ဲ့ အသွင်အပြင်ကလည်း ကိုယ့်ရ ဲ့စိတ်အခြေအနေ ကို ဖန်တီးပေးတယ် “

ပါထန် စိတ်ဝင်တစား နားထောင်နေသည်။

” ဥပမာကွာ သားခုလို ဆံပင်အရှည် ညှင်းသိုးသိုးကြီးကို ပြုပြင်ပြောင်းလဲ လိုက်မယ် ပြီးတော့အဝတ်အစားက သစ်လွင်နေဖို့မလိုဘူး သေသေ သပ်သပ် နဲ့သပ်သပ်ရပ်ရပ် ဝတ်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့စိတ်သဘောထားတွေကပါ ပြောင်းလဲလာနိုင်တယ် “

ပါထန် မျက်လုံးတွေ အရောင်လက်ခနဲ ဖြစ်သွားသည် ကို နွယ် မြင်တွေ့လိုက်ရသည်။ အထီးကျန်သမားများ၏သန္တန်တွင်ကိန်းအောင်းနေသော သဘောထားကို ဖောက်ထွင်းမြင်တွေ့နေရသည်။ ထို့ကြောင့်
လည်း တဖြည်းဖြည်းချင်း ပြောင်းလဲပစ်မည်ဟုဆုံးဖြတ်ထားသည်။ညနေ ခင်းလေအေးက တိုးဝှေ့ကာတိုက်ခတ်တော့ ကျောစိမ့်အောင်ချမ်းလှသည်။ နှုတ်ဆက်ကာ ပါထန် ပြန်သွားလေသည်။ ဒီတစ်ခါ ပါထန် ၏ ခြေလှမ်းများသည် ခါတိုင်း အပြန်ခြေလှမ်းများလို လေးလံမနေပေ။ ပေါ့ပါးတက်ကြွသွားပုံပေါ်သည်။ ပါးထန် ကျောပြင်ကို ငေးကာ နွယ် ပြုံးလိုက်မိသည်။

***@@အေးခဲလွန်းသည့်ရာသီ ဥတုဒဏ်ကို အပူပိုင်းနေ အညာသူလေးအဖို့ ခံနိုင်ရည်သိပ်မရှိလှ ။ ဖျားချင်သလိုလို ရှိနေပေမယ့် စာသင်ဖို့ရာပဲ အားထက်သန်နေသည်။ အသင့်ဆောင်ထားသော ဆေးများကို သောက်ကာ စာသင်ခန်းသို့ဦးတည်လာခဲ့သည်။ မိနစ်အနည်းငယ်ခန့်နောက်ကျသွားမိသည်။တခန်းလုံး ညီညာ သောင်းဖြ စွာ နှုတ်ဆက်ကြသည်။

နှုတ်ဆက်သံများကြောင့် ဝေဒနာ တဝက် သက်သာသလို ရှိသွားသည်။ နောက်ဆုံးခုံကို လှမ်းကြည့်တော့ ပါထန် ကို မြင်ရသည်မှာ သူမှ ဟုတ်ပါလေစ ဟု ဇဝေဇဝါဖြစ်မိသွားသည်။ ဆံပင် ကို ခုခေတ်စတိုင် ဘေးခွဲ ခပ်တိုတို ညှပ်ထားသည်။ ဆီလား gel လား မသိပြောင်နေအောင်လူးထားသည်။ လက်သည်းများကို ညီနေအောင် ညှိထားသည်။ uniform အင်္ကျီကိုဘောင်းဘီထဲ ထည့်ကာ စမတ်ကျကျ ဝတ်စားထားသည်။

ဆံပင် အတိုကြောင့် သူ၏ မျက်နှာကို ရှင်းလင်းစွာမြင်ရပေသည်။ မျက်နှာလေးထောင့်ကျကျ မျက်ခုံး ထူထူတန်းတန်းနှင့် နှာအိုးအနည်းငယ် ပွသည်။ သို့သော် နှုတ်ခမ်းတင်းတင်းပြည့်ပြည့်က နှာအိုးပွမှုကို မသိသာချေ ။ အတော်ကြည့်လို့ကောင်းသွားသည်ပဲ။

“Good job, Pa Thang “

ပါထန် ကိုလက်မ ထောင်ပြရင်းပြောလိုက်တော့ သွားပေါ်အောင်ပြန်ပြုံးပြလေသည်။ တခန်းလုံးကလည်း
**ပါထန် ပါထန် ပါထန် **ဟု လက်ခုပ်လက်ဝါးတီးကာ ချီးမြှောက်ကြသည်။ထိုအခန်းလေး၏ ချစ်စဖွယ်အရာက တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အားပေးကူညီကြသည်။စည်းလုံးကြသည်။ ပါထန် က ကိုယ့်ဘာသာတစ်ယောက်တည်း နေ နေလို့သာ တသီးတသန့်တစ်ကမ္ဘာလို ဖြစ်နေသည်။ ဘယ်သူကမှ သူ့ကို
ကြဉ်မထားကြ။ ခုလို ပါထန် ပြောင်းလဲလာသည်ကို တခန်းလုံးက ဝမ်းသာပျော်ရွှင်ကြသည်။နွယ်ကတော့ အတိုင်းထက်အလွန်ပေါ့။

***@@စာသင်ခန်းအပြန်တွေမှာ ပါထန် ကအမြဲလိုလို လိုက်ပို့နေကျပင်။ဒီလိုနဲ့မြေနီလျှောက်လမ်းကျဉ်းလေးပေါ်မှာ ခြေရာတွေ ထပ်လာလေလေ ဆရာတပည့်နှစ်ယောက်၏ သံယောဇဉ်တို့သည်လည်း ပိုမို နွေးထွေးလာလေလေပါပဲ ။တခါတရံ ပါထန် နှင့်အတူ ဆွီးလ်အုပ် ၊ ဒီမိုး ၊ ဗန်ဒိန်း တို့ကပါ လိုက်ပါပို့ဆောင် ကြသည်။ သူငယ်ချင်းမိတ်ဆွေများနှင့်ခင်မင်ရင်နှီးစွာပြောဆိုဆက်ဆံတတ်လာလေသည်။

လူအများနှင့် ကင်းကွာနေသော သူ့၏အားငယ်စိုးထိတ်နေတဲ့ အမှောင်ကမ္ဘာငယ်လေးအတွင်းမှ အတွေးပညာတွေ ဖြန့်ကျက်တတ်သော လူအများနှင့်ပောင်းသင်းဆက်ဆံရသည့်ကမ္ဘာထဲသို့တဖြည်းဖြည်းချင်းဆွဲခေါ်သွားမည်။ ထိုကဲ့သို့အနည်းငယ့်ပြောင်းလဲလာသော်လည်း တခါတရံသူ့မျက်ဝန်းဆီမှာအလွမ်းရိပ်တွေ သန်းနေသည်။ သူရှင်သန်ခဲ့ရာသူ့ဘဝအကြောင်းကို အခုထိ ပြောမပြေသေးချေ။မျှဝေခံစားပေးချင်သည်။

“သား ဘဝအကြောင်းလေး သိခွင့်ရှိနိုင်မလား ပါထန် “

လှမ်းနေသော ခြေလှမ်းများ တုံ့ခနဲ ရပ်လိုက်ပြီးမျက်နှာတစ်ချက် တည်သွားသည်။

“ကောင်းပြီလေ ဆရာမ canteen ဖြစ်ဖြစ် တစ်နေရာရာ သွားကြရအောင် “

သစ်ရွက်တို့ကို လေတိုး လိုက်သည့် အသံများမှ အပ မကြားရအောင် တိတ်ဆိတ်စွာ လျှောက်လှမ်းလာကြသည်။

***@@ဇိုတုန်လူမျိုးတို့နေထိုင်ရာ စာလ်ထောင် ရွာလေး တစ်ရွာမှာ အရမ်းချစ်ကြတဲ့ ငွန်ကျဲအိုထန်နှင့်နူအီယာန်း ဆိုတဲ့ ဇနီးမောင်နှံနှစ်ဦး ရှိပါသည် ။ဘယ်လောက်တောင်ချစ်ကြသလဲဆိုရင်ခဏတဖြုတ် မျက်စိအောက်ကပျောက်သွားရင်ကိုစိတ်ပူနေကြသည်မျိုး။နူအီယာန်သည်မွေးရာပါနှလုံးရောဂါရှိသည်။ သတိလစ်လစ်သွားလို့ ဆေးရုံခဏခဏတက်ရသည်။ဒီလို ကျန်းမာရေးအခြေအနေ မကောင်းတဲ့ သူမျိုးအတွက် ကလေးယူဖို့ရန် မဖြစ်။ ကလေး သို့မဟုတ် သူမ တစ်ဦးဦးတွင် အသက်အန္တရာယ်ရှိနိုင်ပေသည်။ ဒါပေမယ့် သူမ ၏လူမျိုး စု အတွက် ပညာတတ် မျိုးဆက်သစ်ချန်ထားခဲ့ချင်သည်က သူမအိပ်မက်ဖြစ်သည်။ကိုယ်ဝန် ရှိသွားတော့ ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသည်။ဘုရားကပေးသော
လက်ဆောင်မလို့အရမ်းတန်ဖိုးထားသည်။ သို့သော် ငွန်ကျဲအိုထန်အတွက် ကတော့ ကလေးကို မလိုချင် သူ့အတွက် ဘုရားသခင်ပေးတဲ့ လက်ဆောင်ကနူအီယာန်းပဲ ဖြစ်သည်။ သူမကို အဆုံးရှုံးမခံနိုင်။ သူမ မရှိလျှင် သူလည်း အသက်ရှင်ဖို့ရန် ခွန်အားမရှိ ။သို့ပေမယ့်ချစ်ရသူ ပျော်နေသည့်အတွက် သူ ဘာမှ မတတ်နိုင်သာ။ နူအီယာန်း မီးဖွားတော့နှစ်ယောက်လုံး အသက်တော့မရနိုင်ဘူး။ ကလေးကို ယူမလား သူမကိုယူမလားဆိုတော့ သူ့အတွက်တော့ သူမကမရှိမဖြစ်လေ။ ဒါပေမယ့် နူအီယာန်း ကတော့ ကလေးအသက်ကိုသာလျှင် ကယ်တင်ပါရန် တောင်းဆိုခဲ့သည်။ နူအီယာန်း သေ ဆုံးပြီးသည့် အချိန်မှ စ၍ အရက်သည် သူ၏ အဖော်၊ သူ၏အဖော်သည်အရက်ပင်ဖြစ် လာလေသည်။စိတ်ကူးပေါက်လာလျှင် တောင်ယာခုတ်လိုက် အရက်လေးသောက်လိုက်နှင့် အစာကိုပင် ဟုတ်တိပတ်တိမစားတော့ပေ။

“မိန်းမရေ ငါလည်း မင်းရှိရာ ကောင်းကင်ဘုံကိုခဏနေ လိုက်လာခဲ့မယ် “ဟု အမြဲ မကြာခဏပြော
တတ်သည်။ ရွာထဲက လူများက သူ့ကိုဝိုင်းသနားကြသလို ကလေးကိုလည်း ကရုဏာသက်ကြသည်။

ထိုကလေးမှာ ဆလိုင်းပါထန် ဖြစ်သည်။ သူ့နူနူ ရဲ့မျက်နှာကိုတောင် မြင်တွေ့ခွင့်မရ လိုက်ရပေ ။

ပါပါးပွေ့ဖက်တာခံချင်လို့အနားသွားရပ်လျင်လည်း ခပ်တည်တည်နေသော ပါပါးကို ကြောက်မိပြန်သည်။ဒီလို နှလုံးသားနုနယ်တဲ့ ကလေးငယ်လေးဟာမိဘမေတ္တာဆိုတာဘာမှန်းမသိ မိသားစု နွေးထွေးမှုဆိုတာ ဘာမှန်းမသိ သူများနဲ့မတူ တမူကွဲပြားစွာကြီးပြင်းခဲ့ရသည်။ခက်ထန်လာခဲ့ရသည်။အပေါင်း
အသင်းများနှင့် တသီးတခြားဆန်စွာ နေလာတတ်ခဲ့သည်။ ပီးပီး (အဖွား) ပဲ ပါထန်ကို ပြုစုပျိုးထောင်ရသည်။ ဒါပေမယ့် ပီးပီး က အသက်ကြီးနေပြီလေမျှော်လင့်ထားသလို အများကြီး မစောင့်ရှောက်နိုင်
ပေ။နူနူက ပီးပီးကို သေချာအပ်ခဲ့သည်။ ဒီကလေးကို အောင်မြင်တဲ့ ကလေးဖြစ်အောင် ပျိုးထောင်ပေးပါဆိုပြီး အပ်နှံခဲ့ကာ ကောင်းကင်ဘုံသို့ထွက်ခွာသွားခဲ့သည်။ ထို့ကြောင့် ပါ =ယောင်္ကျား / ထန် =ကျော်
ကြားသော အဓိပ္ပါယ်ရသည့် ပါထန် ဟု အမည် ပေးခဲ့ခြင်းဖြစ်သည်။ ပီးပီးက သူ ၁၃နှစ်သားအရွယ်တွင်၀ါဖန့်ဖန့် အိုဟောင်းစပြုနေသောစာအုပ်လေးတစ်အုပ်ကိုလက်ထဲ ထည့်ပေးခဲ့သည်။ နူနူရေးထားခဲ့တဲ့ ဘဝမှတ်တမ်းလေးပေပဲ။ ကိုယ်ဝန်လွယ်ထားစဉ် ကရေးသားခဲ့သည်ဖြစ်သည်။ယောင်္ကျားလေးလား
မိန်းကလေးလား မသိသည့် အကျွနုပ်ဗိုက်ထဲမှ လူသားလေးသည် ဒို့လူမျိုး ဒို့ပြည်နယ် ဒို့နိုင်ငံအတွက် အကျိုးပြုသူ ပညာတတ်ဖြစ်ရပေမည်။ ပါပါးကိုလည်း တောင်းပန်ကြောင်းရေးထားသေးသည်။
ပါထန် စာအုပ်လေးကို ဆုတ်ကိုင်ကာ အားပါးတရ ငို ရှိုက်မိသည်။

နူနူဖြစ်စေချင်တဲ့ အတိုင်း ကြိုးစားပါ့မယ်လို့ကတိပြုခဲ့လိုက်သည်။

နူနူထားခဲ့သော ငွေကြေးများ မလောက်င၍ ကျောင်းပိတ်ရက်များတွင် တောင်ယာခုတ် တောင်ယာစိုက်ကာ ပိုက်ဆံရှာသည်။ ကျောင်းစရိတ်ရသည်။ ရွာထဲက တချို့ကသနားသဖြင့် စားသောက်ဖွယ်ရာများပေးကြသည်။ အဝတ်အစား ထောက်ပံ့ကြသည်။တခါတရံ နူနူကို လွမ်းမိသည်။ပါပါးအနားကပ်ကာ ချွဲချင်မိသည်။သို့သော် နူနူဆုံးပါး ပြီးကတည်းက ဘာကိုမှစိတ်မဝင်စား အေးစက်စက်နေတတ်သော ပါပါးကိုမမုန်းပါ။ချစ်လည်း မချစ်မိဘူး ဟုထင်မိပါသည်။ သို့သော် မိဘမေတ္တာဆိုတာမျိုးနှင့် ထွေ့ပွေ့တာလေးကို တစ်ခါလောက်တော့ခံချင်ပါသေးသည်။

သို့သော် တဖြည်းဖြည်းပြောင်းလဲလာပာသော ပါပါးက ပို၍ ပို၍ ခက်ထန်ကြမ်းကြုတ် လာလေသည်။ပါပါးခက်ထန်သလို သူခက်ထန်တတ်လာသည် ။ပါပါးကြမ်းတမ်းသလို သူကြမ်းတမ်းတတ်လာသည်။ထို့ကြောင့်ပင် လူအများနှင့် ဝေးကွာသထက် ဝေးကွာသွားပြီး သီးခြားကမ္ဘာငယ်လေးတစ်ခုတွင်သူတစ်ယောက်တည်းသာလျှင် တသီးတသန့်နေထိုင်ဖြစ်တော့သည်။

***@@အနားမှာကျန်ရှိနေသေးတဲ့ မေတ္တာကိုလိုချင်ပါရဲ့နဲ့မရရှိသော ပါထန်း ကိုလွန်စွာ သနားကရုဏာ သက်မိသည်။
” သားရယ် ဘဝဆိုတာကြီးကလေ ဖြစ်ချင်တာမဖြစ်ရ မဖြစ်ချင်တာ ဖြစ်ရတဲ့ သံသရာ ရထားကြီးပါကွယ်။တချို့ကိုယ့်ထက် အခြေအနေဆိုးသူတွေအများကြီးရှိတယ် ။ မိဘနှစ်ပါးစလုံးမရှိကြတော့ဘူး။ကျောင်းတက်ချင်ရဲ့နဲ့မတက်နိုင်ကြဘူး။ကိုယ့်အောက်က လူတွေကို ကြည့်ရင် ကိုယ့်ထက်အဆင်မပြေတဲ့သူတွေကို တပုံကြီးပါ။ သားက သူတို့ထက်စာရင် သာပါသေးတယ်။ အဖေ့မေတ္တာမရခဲ့ပေမယ့် အဖေရယ်လို့ ခေါ်စရာသက်ရှိထင်ရှားရှိနေသေးတယ်။ သွေးသားရင်းချာ တစ်ယောက်ပဲ လေ ။သူ့မှာလည်း အသည်းနှလုံးရှိတယ်။ခံစားတတ်တယ် တနေ့နေ့ သားလိုချင်တဲ့ မေတ္တာ ရနိုင်လာမှာပါ။အမေ့မေတ္တာကို မရခဲ့ပေမယ့် အဖွားက အမေ့အစား မေတ္တာတွေပေးသေးတယ်။ဒီအတွက်ကြောင့် ဘာကိုမှ စိတ်ဓာတ်ကျထိခိုက်နေစရာမလိုဘူး “

နွယ် ကော်ဖီတကျိုက်သောက်လိုက်သည်။ ပါထန် ကတော့ အဆုံးမရှိသွယ်တန်းနေသော တောင်တန်းတွေကို ပြတင်းပေါက် မှ တဆင့်ငေးကြည့်နေလျက်ပင်။

***@@ပထမ နှစ်ဝက်ပြီးလို့ရုံးပိတ်ရက်ကာလပြီးဆုံးတော့မည်။ပါထန် သတင်းအစအနလည်းမကြားရ။ တချို့ကလေးများကတော့ facebook တွင် ပုံတင်သည် စာတင်သည်နှင့် အခြေအနေ သိနေရသေးသည်။ ဖုန်းကလည်း စက်ပိတ်ထားသည်တဲ့လေ။ ပါထန်းတစ်ယောက် ဘယ်များရောက် ဘာတွေများလုပ်နေပါလိမ့်။ခက်ထန်မောကြောသယောင် ရှိသည့် သူသည် အင်မတန်စိတ်ထိခိုက်လွယ်မှန်း နွယ် ကောင်းကောင်းသိသည်။ Grade တွေ ကောင်းပါရဲ့နဲ့ဒုတိယနှစ်ဝက်ကို ဆက်မတက်ဖြစ်မိမှာ အကြောက်ဆုံး ဖြစ်သည်။ဆွီးတို့ဟာဟုန်းထန် တို့နဲ့လည်း အဆက်အသွယ်ပြတ်နေတာကြာပြီတဲ့လေ။

” အမေ့ပေးထားတဲ့ ကတိကို တည်ချင်ရင် ပါးစပ်ကပဲ ပေးနေလို့မရဘူး ။ ကိုယ်ကိုယ်တိုင် အားသွန်ခွန်စိုက်ကြိုးပမ်းရမယ်။ ကိုယ့်အောင်မြင်မှု ကိုယ့်အနာဂတ် ဟာ ကိုယ့်လက်ထဲမှာပဲရှိတယ်။ ကိုယ့်ကံကြမ္မာကို ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးနိုင်တယ်။မလုပ်ရသေးလို့ ခက်နေတာပါ။ လုပ်ဖြစ်အောင်လုပ်ကြည့်ရင် အရာရာက အလွယ်တကူပါပဲ ။ ဇွဲ လုံ့လ နဲ့အားစိုက်ကြည့်ဖို့တော့ လိုတယ်။ကောင်းကင်ဘုံက သား မေမေ ကိုပေးထားတဲ့ ကတိ တည်နိုင်အောင်ကြိုးစားပါ”

ပြန်ခါနီး နွယ် က ပါထန်ကို ပြောခဲ့သော စကားများကို ပြန်ကြားယောင်နေမိသည်။ ထို နေ့က သူ့မျက်လုံးများထဲ အောင်မြင်လိုစိတ် ကျော်ကြားလိုစိတ် များ ပြင်းပြနေသည်ကိုအထင်းသားမြင်နေရသည်။ အဲ့ဒီ စိတ်ကလေး ပျောက်မသွားပါစေကြောင်း ဆုတောင်းနေရုံမှ လွဲ၍ မတတ်သာချေ။

***@@မေ လ တွင် အညာမြေမှာ ပူအိုက်လို့ကောင်းတုန်း ။ဟားခါးတွင်ကား မိုး သည်းထန်စွာရွာသွန်းနေသည်။ လျှပ်စီးများကလည်း ဝင်းခနဲ လက်ခနဲ မျက်စိရှေ့တွင် လင်းထိန်နေသည်။ မိုးခြိမ်သံတို့ကားလည်း မိုးမြေသိမ့်သိမ့်တုန်နေသည်။မှိူင်းမှုန်နေသည့်မြူခိုးတွေကလည်း အမှုန်လိုက် အမွှားလိုက် ပြေးလွှားကြနေကြသည်။မိုးကာထူထူကို ခြုံကာ ထီးပါဆောင်း၍ စာသင်ခန်းဝင်ရသည်။မိုးရွာနေသည့်ကြားမှ ကလေးတိုင်းလိုလိုလာကြသည်။တစ်ယောက်စ နှစ်ယောက်စ ပဲ မလာသည်။ ထိုထဲတွင်ပါထန်လည်းပါသည်။ဒီနေ့ပထမဆုံးရက်မလို့ ထားလိုက်ပေတော့ နောက်ရက်များတွင်လည်း ရောက်မလာပေ။ မိုးသည်ရွာတလှည့် ခြောက်တလှည့်နှင့် မေလ တစ်လ ကုန်ဆုံးလေပြီ။ အစဉ်မပြတ်ရွာသော June လ ကိုတောင် ရောက်ရှိလာပြီပဲ။ ပါထန်းကတော့ ပေါ်မလာမြဲပင်။ လူပါမမြင်ရသည်မဟုတ် သတင်းလည်း မကြားရပေ။

***@@

“ဆရာမ ပါထန် သတင်းကြားရပြီ။ သူ့ပီးပီးဆုံးလို့ကျောင်းဆက်မတက်တော့ဘူးတဲ့။မနေ့ကဟားခါးစျေးထဲ ဟင်းရွက်လာရောင်းနေတာတွေ့ခဲ့တယ်”

ဗန်ဒိန်းကပြောလိုက်သဖြင့် နွယ့် ရင်ထဲမကောင်း။ပိုဆိုးသည်က သူ့အဖွား တိမ်းပါးသွားရုံနဲ့သူ့ဘဝကို ဘာလို့လက်လျော့လိုက်မှာလဲ။ သိပ် ခံစားထိခိုက်လွယ်လိုက်တာကွယ်။ကိုယ်ချင်းမစာနာလို့မဟုတ်ပေ အားမလိုအားမရဖြစ်ကာ စုတ်သပ်မိသည်။

“ဗန်ဒိန်း ဆိုင်ကယ် ၂စီးနဲ့လူ ၄ ယောက် သူတို့ရွာကို ဒီအပတ်ကျောင်းပိတ်ရက် သွားကြမယ်။ သူ့ကိုကျောင်းဆက်တက်ဖို့ဖျောင်းဖျရမယ် ။ဆွီးဆွီး ကိုပါခေါ်ခဲ့မယ် ။သွားမလား သား “

ဗန်ဒိန်းသည် တုန့်ဆိုင်းမနေဘဲ အားတက်သရောခေါင်းညိမ့်ပြသည်။ သူ့လည်း သူ့သူငယ်ချင်းအတွက် စိုးရိမ်ပူပန်နေပုံပေါ်သည်။

” သူတို့ရွာကော ရောက်ဖူးလား အဲ့လမ်းကော မောင်းဖူးလား။ အဆင်မပြေရင် မိုးရာသီ နဲ့အန္တရာယ်များပါလေတယ် သားရယ်”

” လမ်းကတော့ကျယ်ပါတယ်ဗျ မြေသားလမ်းချည်းပဲပေါ့ မစိုးရိမ်ပါနဲ့မတူပီသွားတုန်းက အဲ့လမ်းက မောင်းဖူးတယ်ဗျ ဆာလ်ထောင်ရွာကတော့ မိုင် ၁၀၀ကျော်လောက်တော့ရှိမယ် ၈ နာရီ လောက်တော့ မောင်းရလောက်တယ် ခုလိုရာသီဥတုမျိုးဆိုရင်တော့ အချိန်နည်းနည်းတော့ကြာလောက်မယ်။ အဲ့ဒီနေ့မိုးမသည်းပါစေနဲ့ပဲ ဘုရားသခင်ဆီ ဆုတောင်းရမှာပဲ ဆရာမ”

***@@နံနက် ၉နာရီ တွင် ပါထန် ရှိရာစာလ်ထောင် ရွာလေးသို့. ဦးတည်ထွက်ခွာလာကြသည်။June လ၏ထုံးစံအတိုင်း မိုးကတော့တဖြောက်ဖြောက်ပေါ့ ။ သည်းသည်းမဲမဲ ရွာမချလို့တော်သေး၏။ကောင်းကင်ပြင်ကြီးကတော့ ခုချက်ချင်းကို ပြိုကျတော့မည့်အတိ ုင်း မှိုင်းညို့နေသည်။ထီး အဝတ်အစား ရေဗူးနှင့်မုန့်များထည့်ထားသောကျောပိုးအိတ်ကို လွယ်ပြီး မိုးကာ ခြုံလိုက်သည်။အကြမ်းခံ ရေစိုခံ ဘွတ်ဖိနပ် စီးလာသည်။ကျောပိုးအိတ်ထဲ ဖိနပ်တစ်ရံ အပို ထည့်ခဲ့ရသည်။

မိုင် ၂၀ ခန့်ရောက်တော့ ဆတ္တားရွာမှာ ခဏ္ဏ နားလိုက်သည်။ မောင်းနှင်သည့် ကလေးများလည်းဝမ်းဟာနေလောက်ြပီ။ နွယ် ကိုယ်တိုင်လည်း ဆာလောင်လာသည်။ ဆိုင်လေးတစ်ဆိုင်သို့ဝင်ကာ ဆာဘူးသီး ပူပူလေး စားကြလေသည်။ရေနွေးကြမ်းပူပူလေးတစ်ခွက် ဝမ်းတွင်းပူကာ အချမ်းဓာတ်ကို လျော့ပါသွားစေသည်။အချိန်ဆွဲမနေပါဘဲ ဆက်လက်ထွက်ခွာလာကြလေသည်။ မြူတွေ ဆိုင်းနေသောကြောင့် ဆိုင်ကယ်မီးထွန်းကာ ဖြေးဖြေးချင်း မောင်းကြရသည်။ မျက်နှာရှေ့က တိုးတိုက် ဖြတ်ကာသွားသောမြူမှုန်လေးများကြောင့် မျက်နှာပြင် တစ်ခုလုံး စွတ်စိုသွားသည်။ နှာခေါင်းတွေ ရဲနီလာ၍ mask ကို ပြန်တပ်လိုက်သည်။တစ ထက်တစ ပါထန် တို့ရွာလေးသို့နီးသထက်နီးလာလေ ရောက်ချင်စိတ်တွေပြင်းပြလာလေလေပဲ။ ပါထန် ကို ဖျောင်းဖျကာ ခေါ်မရမှာပဲ ပူပန်မိသည်။ မှိုင်းညို့နေသော ပတ်ဝန်းကျင်နှင့်အတူ နွယ့် စိတ်တွေကပါ ညစ်ညူးထိုင်းမှိုင်းနေသည်။

***@@ နွယ်တို့အဖွဲ့ကို ပါထန် မြင်လိုက်ရတော့

ရုတ်တရတ်ဆိုသလို အံ့အားသင့်သွားသည်။သူ့ကိုခွန်အားပေးခဲ့သော ဆရာမနှင့် သူ့ကို ချစ်ခင်ကြသော သူငယ်ချင်းများ သူ့ဆီကို လိုက်လာကြတော့ ဝမ်းသာသွားသည်ကိုမျက်နှာအမူအရာကြည့်၍ သိလိုက်သည်။ပါထန် နေထိုင်သော အိမ်လေးသည် ကျောက်အမိုးဖြင့်မိုးထားသည်။သစ်သားဖြင့် ဆောက်လုပ်ထားသည်။အဲ့ရွာလေးရဲ့ ထူးခြားချက်သည် ကျောက်သင်ပုန်းကဲ့သို့ကျောက်အမိုးများဖြင့် မိုးကာထားသည်။ ယခုအခါ ကျောက်ပြားရှားပါးသွားသဖြင့် ကျောက်မိုးအိမ်သည် ပါထန် တို့အိမ်အပါအဝင် ၄ အိမ် ၅အိမ် သာ ရှိတော့သည်။ အိမ်ရှေ့တွင် သစ်သား ခုံတန်းလေး ထိုးထားသည်။ ထိုခုံတန်းပေါ်တွင် အသက် ၅၀ ခန့်အမျိုးသားတစ်ဦးသည် အရက်ပုလင်း ကိုကိုင်ကာ တင်ပျဉ်ခွေထိုင်နေသည်။ဦးငွန်ကျဲ အိုထန် ပဲဖြစ်လိမ့်မည်။ သူတို့အဖွဲ့ကို ခေါင်းညိမ့်ကာ နှုတ်ဆက်လိုက်သည်ကို မြင်လိုက်သည်။ နွယ်ကလည်း ခေါင်းပြန်ညိမ့်ပြကာ နှုတ်ဆက်လိုက်သည်။ ထိုနောက်သူငယ်ချင်းက ဝိုင်းကာ ဖျောင်းဖျနေစဉ် ခေါင်းငိုက်စိုက်ချထားသော ပါထန် အနားသို့နွယ် တစ်လှမ်းချင်းတိုး လာလိုက်သည်။

” ပါထန် သား နူနူရဲ့ဆန္ဒကို ဖြည့်ဆည်းမပေးတော့ဘူးလား။ ကတိဖျက်လိုက်ပြီလား။ ပီးပီး ဆုံးတာ နဲ့သားဘဝကို အဆုံးသတ်လိုက်တော့မှာလား။ သားမှာ ချစ်ရတဲ့သူငယ်ချင်းတွေရှိတယ် ဆရာမတို့ရှိတယ်။သေပြီးသူက ပြန်ရှင်သန်မလာနိုင်တော့ဘူး။ကျန်နေခဲ့သူကသာ ရှေ့ဆက်ကောင်းအောင်ကြိုးစားရတော့မှာ။ဘယ်အရာက လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတဲ့ ဆုံးဖြတ်နိုင်စွမ်း လည်း သားမှာရှိတယ်။မနက်ဖန် ဆရာမတို့နဲ့ပြန်လိုက်ခဲ့ဖို့ပဲ ပြောချင်တော့တယ်။သေချာစဉ်းစားပါ”

ဒီတစ်ညတော့ ဒီရွာမှာ အိပ်ရပေမည်။ အချိန်အားဖြင့် ပြန်ဖို့ရန် မသင့်တော့ပေ။ ထို့ကြောင့်ပင် အပို အဝတ်အစားများယူလာခဲ့ကြသည်။ရွာထဲမှ ရွာသူရွာသားများက ထမင်းဟင်းများဖြင့်ဧည့်ခံကျွေးမွေးကြသည်။ ကြက်နှစ်ကောင်ကို ချက်ချင်းသတ်ကာ အမြစ်အသည်းကို မွှေးနေအောင် ချက်ကျွေးသည်။ကြက်သားကို ဆီမပါဘဲ အကောင်လိုက်ပြုတ်ကာ ပေါင်တွေ ရင် အုံပိုင်းတွေကို ဖဲ့ထားပြီး ပန်းကန်ထဲပုံမပျက် ထည့်ထားကာ နှမ်းလှော်ထောင်းပြီး ဖြူးထားသည်။ ဂေါ်ရခါးသီး မုန်လာဥနီ များကို အနေတော်အတုံးများတုံးကာထည့်ထားသည့် ကြက်ပြုတ်ရည်ဟင်းချို ပူပူလေးကလည်း အနံနဲ့တင်ဆွဲဆောင်နေသည်။ ဟင်းရည်သည် ဆား ဟင်းချိုမှုန့်မပါပေ။ သဘာဝအရသာကို နှစ်သက်မြတ်နိုးသောချင်းတိုင်းရင်းသားတို့အကြိုက် သဘာဝကြက်ပြုတ်ရည်အချိုနှင့်သဘာဝ အသီးအနှံတို့၏ အချိုဓာတ်အရသာပင်ဖြစ်သည်။ ငရုတ်သီးစိမ်းလေးကို ဆား ကြက်သွန်ဖြူနှင့် ထောင်းထားသည်က ထမင်းစေးစေး ပူပူလေးနှင့် တရှူးရှဲရှဲ လိုက်ဖက်လှသည်။မိုးအနည်းငယ်မိလာတာကတစ်ကြောင်း ခရီးပန်းလာသည်ကတစ်ကြောင်း ဟင်းပွဲများ ဆွဲဆောင်မှုအားကောင်းသည်ကတစ်ကြောင်း ဗိုက်ဆာဆာနှင့် ၄ ယောက်သား စားလိုက်ကြတာ ခေါင်းတောင်မဖော်နိုင်ကြပေ။

***@@ အကဲခတ်မိသလောက်တော့ ဦးငွန်ကျဲအိုထန်သည် ခက်ထန်မာကြော သယောင်ထင်ရပေမယ့် နူးညံ့သူ ဖြစ်ပေလိမ့်မည်။ဝင်ဝင်လာချင်း အသိပြုကာ နှုတ်ဆက်သည်ကပင် သူ့နှလုံးသားကိုဖော်ပြနေသည်။ဒါ့ကြောင့်လည်း နူအီယာန်းကို သိပ်ချစ်ခဲ့တာပေါ့။သူမ,သေဆုံးပြီးကတည်း ဘယ်အရာ ကို မှအလေးနက်မထားတော့ဘဲ အေးစက်ခက်ထန်နေသည် ။ သားဖြစ် သူ ကို ချစ်ပာလျက်နှင့် ဖွင့်ဟမပြဘဲ သိမ်းဆည်းထားသည်မှာ သိသာနေလေသည်။ပါထန် တို့သူငယ်ချင်းတစ်စု မအိပ်ကြသေး။စကားဝိုင်းဖွဲ့ပြောဆိုနေကြသည်။ သူတို့စကားဝိုင်းကောင်းနေတုန်း နွယ် က အိမ်ေ ရှ့တွင် ထိုင်နေသော ငွန်ကျဲအိုထန် ဆီသို့ထွက်လာလေသည်။

“ထိုင်ခွင့်ပြုပါ”
ခွင့်တောင်းမိတော့အလွမ်းတွေ ကို ပိုက်သိမ်းထားသော ရီဝေဝေ သူ့မျက်လုံးများဖြင့်မော့ကြည့်ကာ လက်ကို ခတ်ပြသည်။ သူနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည်။ သောက်ထားသော်လည်း အသိစိတ်မမဲ့သေးဟုထင်ရသည်။

ကလေးရဲ့အခြေအနေကို ဖခင်တစ်ယောက်အနေဖြင့်သိသင့်သည်ထင်၍ ပြောစရာရှိတာကို ပြောပြပေးရပေမည်။ နွယ် ဆိုသည်ကလည်း တိမ်မြုပ်နေသော အမှန်တရားများ ချွတ်ချော် လွဲမှားနေပါက မသိယောင်မဆောင်ချင်ပေ။

” ပါထန် က ဦး ရဲ့ သားအစစ်ပါ မိဘမေတ္တာ ငတ်မွတ်နေတဲ့ကလေး ။အဖေရှိပါရဲ့နဲ့ဘာလို့သူ လိုချင်တဲ့ မေတ္တာကို မပေးနိုင်ရတာလဲ”

အဆုံး အစမ ရှိ စကား ကို တည့်တည့်ပြော လိုက်တော့ သူစိတ် တို သွား ပုံပေါ်သည်။ အရက်ပုလင်းကိုဒုန်းခနဲ့ဆောင့်ချလိုက်သည်။သူခွန်းတုန့်မပြန်ခင်နွယ် ဆက်ပြောသည်။

” နူအီယာန် ရဲ့ ကိုယ်ပွား လေးပါ ဦး သူမ… ဖြစ်စေချင်တဲ့ ဆန္ဒက ဦး လုပ်ဆောင်ဆက်ဆံနေပုံနဲ့တခြားစီဖြစ်နေတယ် သူ့ကိုမှ တကယ်ချစ်ရင် သူ့အသက်ထက် တန်ဖိုးထားတဲ့ကလေး ကို ဦးကနွေးနွေးထွေးထွေးဆက်ဆံပေးရမှာ မဟုတ်ဘူးလား “

ဦး ငွန်ကျဲအိုထန် ဆုပ်ကိုင်ထားသော လက်သီးတို ပြေလျော့သွားသည်လားပဲ။

“ဦးရဲ့ မသိစိတ်က ကလေးကိုချစ်နေတာကို အတင်းဖုံးကွယ်ထားတယ်။ ကလေးရ ဲ့အနာဂတ် တစိတ်တပိုင်းက ဦးနဲ့လည်း သက်ဆိုင်တယ် ။ သူ့ငတ်နေတဲ့မေတ္တာကို ဦးပေးနိုင်လိမ့်မယ်လို့ယုံကြည်တယ်။သူ့ဘဝမှာ ပါပါး ရဲ့ ထွေးပွေ့ တာကိုတစ်ခါလေးပဲ ခံချင်ပါတယ်တဲ့ သူတစ်ခါ ပြောဖူးတယ် “

နွယ် အဲ့ဒီလောက်ထိ ပြောမိလိမ့်မယ် လို့မထင်ထားဘူး။ ပါထန် စိတ်ဓာတ်ကျနေသောကြောင့် မခံမရပ်နိုင်ဖြစ်ကာ ပြောလိုက်မိခြင်းဖြစ်သည်။ဒါပေမယ့်အရှိန်များကသတ်မရတော့ပေ။ တခြားသူများနှင့်

ပါထန် အဖွားက သူ့ကို ထိုကဲ့သို့ ပြောမပေးကြဘူးလား။ လျစ်လျူရှုထားလိုက်သည်ပဲလား။ ကြားထဲက အနာတရဖြစ်နေသည်က မြေဇာပင်လေးပင်မဟုတ်ပါလား။

“နေပာဦး ဆရာမ နင် က ငါ့ကို မချစ်တတ်ဘူးထင်နေသလား ငါသားကို ငါသိပ်ချစ်တာပေါ့ ။ငါ့ရှာထားသမျှ ပိုက်ဆံတွေက ငါ့သားပညာရေးမှာ သုံးစွဲဖို့ပဲ ။ ဒါပေမယ့် ငါရှာထားတာမပြောဘူး ။ နူနူချန်ထားခဲ့တာ ဆိုပြီး ထားလိုက်တယ်။နူအီယာန်းကျေးဇူး တော်ကို အသိအမှတ်ပြု စေချင်လို့ပဲ ။ငါ မျက်နှာသာမပေးတာက တနေ့ငါ မရှိရင် ငါ့အတွက် လွမ်းဆွေး သောကရောက်မနေရအောင် သံယောဇဉ် မချန်ထားခဲ့တာပါဟာ နောက်ပြီး ငါတို့တွေ အားလုံးမရှိတော့ရင်လောကဓံကို ကြံ့ကြံ့ခိုင်နိုင်စေဖို့ ငါ ခပ်မာမာခပ်ထန်ထန် ဆက်ဆံခဲ့တာ ဆရာမ “

လှည့်ထွက်မိသော နွယ့်ခြေလှမ်းများ တုံ့ခနဲ ရပ်မိသည်။

” ဦး မှားနေပြီ ဦးခုလို လုပ်ကိုင် ဆက်ဆံနေတဲ့ နည်းလမ်းတွေက မှန်နေတယ်များထင်နေသလားကလေးဘဝ ကလေးရပ်တည်မှုက မာကြောနေတယ်လို့များ ထင်နေလား ။ကြံ့ခိုင်နေတယ်လို့ကောထင်နေသလား။ ကျောင်းမှာ လူအများနဲ့ သီးခြားဖြစ်နေတယ်။ ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်ဖြစ်လာတယ်။စိတ်ဓာတ်တွေ ကျလွယ် တတ်တယ်။အဲ့ဒါတွေက ဘာ ကြောင့် ဖြစ်ရတယ်ဆို တာ ဦးသဘောပေါက်မိရဲ့ လား

အသက်ရှင်သန် နေရတဲ့ ကာလတိုလေးမှာ ကလေးဘဝမှာ နာကျဉ်းစရာမဖြစ်အောင် သူလိုချင်တောင့်တနေတဲ့မေတ္တာတရားကို ထုတ်ပြလိုက်ပါ သိုဝှက်မနေပါနဲ့ ဦး “

ဦးဗန်ကျဲအိုထန် နှလုံးသားတည့်တည့် ထိမိသွားပုံပေါ်သည်။ ဘာမှ ပြန်မပြောနိုင်ပေ။ သူ၏ ကြုံ့နေသော မျက်မှောင်တွေ ပြေလျော့လာသည်။ခက်ထန်နေသော မျက်နှာ ပျော့ပျောင်းလာသည်။

ထိုညကတော့ မိုးဖွဲလေးများ ဖြိုးဖြိုးဖြောက်ဖြောက်ကျနေဆဲပါပဲ။

***@@မနက်မိုးသောက်တော့ မိုးသားမည်းနှင့်မြူခိုးများကြောင့် နေရောင်ကိုပင်မမြင်ရပေ။အမည်းရောင်တိမ်လိပ်များက လည်း အမြင့်ကြီးမဟုတ်ပါဘဲ ခပ်နိမ့်နိမ့်လေးမှာပဲ ဟိုတစ်ဆုပ် ဒီတစ်ဆုပ် ဆောက်တည်ရာ မရလွင့်နေသည်။ အခန်းရှေ့ထွက်လာတော့ ကျောပိုးအိတ်လေးတစ်အိတ်နှင့် hand bag အိတ်အဟောင်းလေး တစ်အိတ်က အိမ်ရှေ့ခန်းထောင့်တစ်နေရာတွင် တွေ့လိုင်ရသည်။ နွယ် လေးနက်စွာပြုံးလိုက်သည်။ ဒါဟာ ပါထန် ရဲ့အိတ်တွေပဲ။ မျက်နှာသစ် အဝတ်အစားလဲ ပစ္စည်းများသိမ်းဆည်းကြပြီး ထွက်ဖို့ရန်ပြင်ဆင်ကြတော့သည်။ ပါထန် လိုက်မည်ဆိုတော့ သူငယ်ချင်းများ ပျော်နေကြသည်။ဆိုင်ကယ်များ စက်နှိုးကာ ထွက် ဖို့ရန် ဟန်ပြင်စဉ် ထင်မှတ်မထားသော အရာတစ်ခု ဖြစ်ပေါ်လာသည်။

“ပါထန် ပါပါး……. “

မျက်ဝန်းမှာ မျက်ရည်စတွေ ဝေ့တက်နေတဲ့ ပါထန် ပါပါး က ပါထန်ဆီကို ဦးတည်လျောက်လာကာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ရင်ဘတ်ကို ဖွင့်ပေးထားသည်။ နွယ်တို့အားလုံး ကြောင် ကြည့်နေကြသည်။ ပါထန် လည်းကြောင်ပြီး ကြည့်နေသည်။ ထိုနောက် သူ သတိချပ်၍ ဆွဲထားသော အိတ်များကို ချကာ သူ့ပါပါးရင်ခွင်ထဲသို့ကလေးငယ်လေးတစ်ဦး ပမာခေါင်းတိုးဝင်လိုက်လေသည်။တင်းကြပ်စွာဖက်ထားလိုက်ကြသည်။ နှစ်ဦးသား ရင်ဘတ်တွေ နီးစပ်သွားကြသည်။တစ်ဦး ရဲ့ရင်ခုန်သံ ကို တစ်ဦးကကြားနေရပေမည်။ မိသားစု မေတ္တာ ၏ နွေးထွေးမှုကိုခံစားသက်ဝင်မိကြပေမည်။နှစ်ဦးသားမျက်လုံးမှမျက်ရည်များ စီးဆင်းနေပေမယ့် နှုတ်ခမ်းဖျားများကတော့ အပြုံးအရယ် ကိုယ်စီနှင့်။သူ တောင့်တနေသော သူ ပါပါးရဲ့အထွေးအပွေ့။ ဦးငွန်ကျဲအိုထန် ရဲ့ နှလုံးသားတစ်နေရာမှာ ကွယ်ဝှက်ထားတဲ့ သားကို ချစ်တဲ့စိတ် ။ ရာသီဥတု မှိုင်းညို့နေပေမယ့် မြင်ကွင်းလေးက သာယာလှသည်။ သူတို့နှစ်ဦးသားကို ကြည့်ရင်း နွယ်တို့တွေ လည်း မျက်ရည်တွေ ကျလာကြလေသည်။အပြန်ခရီးမှာတော့ ပါထန် မျက်နှာလေး လန်းဆန်းပျော်ရွှင်ကာ တက်ကြွနေတော့သည်။

***@@ဒုတိယနှစ်ဝက်စာမေးပွဲကြီးနီးသထက်နီးလာပြီ။ ကလေးများ စာကြိုးစားချင် အောင် စာကြည့်ချင်အောင် ချော့တစ်ခါ ခြောက်တစ်လှည့် ပြောရသည်။ မင်းသမီးဖြစ်လိုက် ဘီလူးဆိုင်းတီးလိုက်နှင့်ပေါ့။ ပါထန် တစ်ယောက်ကတော့ ခုနောက်ပိုင်း ပြောစရာတော့မလိုလှပေ။ သူကိုယ်တိုင် လိုလိုချင်ချင် ဖြင့် အားကြိုးမာန်တက် ကြိုးစားနေပေသည်။ သူပါပါးကို လည်း သူ ကတိ ပေးခဲ့သေးသည်။ ငါပညာတတ်ကြီးဖြစ်ရင် ပါပါး ကို ဘာအလုပ်မှ မလုပ်ခိုင်းဘဲအိမ်မှာဇိမ်နဲ့နေခိုင်းမယ် နိုင်ငံခြားဖြစ် အကောင်းစားအရက် တိုက်မည်ဟု ပြောခဲ့သည်။ ဦးငွန်ကျဲအိုထန် သည်လည်း အရက်ကို အရင်လိုအများကြီး မသောက်တော့ပေ။ သားကျောင်းစရိတ်အတွက် သူ့ခွန်အားရှိသလောက် အလုပ်တွေ လုပ်ကာ ပိုက်ဆံစုနေတော့သည်။ပါထန်သည် စာမေးပွဲရက်တွေမှာ တစ်ဘာသာ ဖြေပြီးတိုင်း ဖြေဆိုနိုင်ကြောင်း အခြေအနေ ကို ဖုန်းအမြဲဆက်သည်။ ပထမနှစ်ဝက်မှာလည်း သူ့နူနူ ကိုပေးထားသောကတိကြောင့် အမှတ်ကောင်းခဲ့သည်။

ယခုနှစ်ဝက်မှာလည်း သူ့ပါပါးကို ပေးထားသောကတိကြောင့် သူ ကြိုးစားနေသည်။စာမေးပွဲရက်တို့တစ်ရက်ပြီးတစ်ရက် ပြီးဆုံးသွားသည်။သူဖြေနိုင်သည်ဟု ပြောနေသော်လည်း ကံတရားကရှိနေသေးသည်မို့ ရလဒ်အဖြေကိုပဲ မျှော်လင့်စောင့်စားရတော့မည်။

***@@ မျှော်လင့်စောင့်စားနေသော result များထွက်လာတော့သူတို့အတန်းမှ ပါထန် သည် အထူးအောင်သည်ဟု ကြားသိရသည်။ အခြားအတန်းတွေမှ တစ်တန်း တစ်ယောက်စီ စုစုပေါင်း ၄ယောက်ပါကြသည်။BE တန်းသို့ဆက်လက်တက်ရောက်ခွင့်ရလေပြီ။ ပါထန်ကိုယ်တိုင်ဖုန်းဆက်ကာ ဝမ်းပန်းတသာ လှမ်းပြောသည်။ အသံတွေက တုန်ရီနေသည်။ ဝမ်းသာလွန်းလို့ဖြစ်ပေလ်ိမ့်မည်။

” သား BE တန်းကို တက်ရောက်ခွင့်ရတယ်ဆိုတာ အကြီးမားဆုံးအောင်မြင်မှု မဟုတ်သေးဘူး။ အောင်မြင်ဖို့ရာအတွက် လမ်းအစ ပဲဖြစ်တယ်။ကိုယ့်လှေကိုယ်လှော်ပြီး အဲ့ဒီအတန်းမှာကူးခတ်ရဦးမယ်။ ကမ်းဆိုက်ရင်တောင်မှ ကိုယ့်အခွင့်အလမ်းတိုးတက်ဖို့ကို ကိုယ်တိုင် ရှာဖွေရဦးမယ်။ ဘယ်လို မုန်တိုင်းအခက်အခဲတေ ွကြုံနေပါစေ လုံးဝအားလျော့လို့မဖြစ်ဘူးနော်။ တစုံတရာအခက်အခဲရှိနေရင် ဆရာမကို ဖုန်းဆက်ပါ ။ ဘာမဆို ကူညီပေးမယ် ငါ့သား”

ဖုန်းဆက်တိုင်း အမြဲ အားပေးဖြစ်သည်။ အကြံပေးဖြစ်သည်။

” အေးအေး ဆရာမ. ဆရာမက ကျွန်တော့်ဘဝရဲ့အကြီးမားဆုံး ခွန်းအားပဲ။နူနူ မရှိတော့ပေမယ့်ကျွန်တော့ရဲ့ နူနူအစား ဘုရားသခင်က ဖန်ဆင်းပေးလိုက်တာပဲ။ဘွဲ့ယူရင် ဆရာမ တက်ရောက်ပေးပါဦးဗျ “

အပြောင်းအရွေ့မပါသေးသရွေ့ ဒီချင်းတောင်တန်းမှာ နောက်တစ်နှစ်ခန့်တော့ ထပ်ကာ နေရပေဦးမည်။ အဲ့ဒါဆို ပါထန် ဘွဲ့ယူလျှင် နွယ် ရှိနေပေဦးမည်။ အကယ်၍ ပြောင်းသွားခဲ့ရင်တောင်မှ ဘွဲ့အခမ်းအနားကို လာဖြစ်အောင်တော့ တက်ရောက်ပေးမည်ဟု တွေးထားသည်။

***@@တစ်နှစ်ဆိုသည့် အချိန်ကာလသည် ဘာမှ မကြာလိုက်သလိုပင်။ နွယ်တို့အပြောင်းအရွေ့မပါသေးတော့ ဒီတစ်နှစ်လည်း ဒီချင်းတောင်တန်းမှာ ပဲ နေရပေဦးမည်။ ထို့ကြောင့်လည်း ပါထန် တို့ဘွဲ့ယူသည့် နေ့တွင် နွယ်တက်ရောက်ခဲ့သည်။

ဟားခါး မြို့တော် ခန်းမတွင် ကျင်းပပါသောကြီးကျယ်ခမ်းနားသော ဘွဲ့နှင်းသဘင် ပေးအပ်ပွဲအခမ်းအနားမှာ ကျောင်းသားများရော ကျောင်းသားမိဘများပါ ဂုဏ်ယူဝံ့ကြွားစွာ တက်ရောက်ကြသည်။ပါထန်ပါပါး သည် style pant အနက်ရောင်ချင်းကုတ်အင်္ကျီ အနီရောင်ကိုဝတ်ဆင်ကာ တက်ရောက်သည်။ သားဖြစ်သူအတွက် ဂုဏ်ယူနေသလိုနူအီယာန်း ဆန္ဒကို ဖြည့်စည်းပေးခွင့်ရလို့ပျော်ရွှင်နေသည်။ပါထန် တက်ရောက်ယူသည့် အလှည့်တွင်လက်ခုပ်လက်ဝါးအားရပါးရတီးရင်း မျက်ရည်တွေပါ စီးကျနေသည်။ပွဲပြီးသွားတော့ ကျောင်းသားဟောင်းများနှင့် ဆရာမ များအမှတ်တရ ဓာတ်ပုံတွေရိုက်ကြ မိသားစုဓာတ်ပုံတွေရိုက်ကြနှင့် ခန်းမအတွင်း စည်းကားသိုက်မြိုက်နေသည်။ပါထန်က ပါပါး နှင့်အတူတူ ဘွဲ့အခမ်းအနားစင်ပေါ်တွင် အမှတ်တရရိုက်သည်။ ပြီးနောက် နွယ် ကိုခေါ်ကာ အတူတူရိုက်သည်။ နေရာအနှံ့ဓာတ်ပုံများ အားပါးတရ
အမှတ်တရရိုက်ယူပြီးနောက် အသီးသီးအလျှိုလျှိုပြန်ထွက်သွားကြသည်။ ခန်းမကြီးသည် စောစောက သက်ဝင် လှုပ်ရှားခဲ့သလောက် ခုများကျတော့ လူအနည်းငယ်သာ ကျန်ခဲ့၍ တိတ်ဆိတ်သွားတော့သည်။

“ဆရာမ ကျွန်တော် သွားတော့မယ်။ ကျန်းမာရေးကို အထူးဂရုစိုက်ပါဟာ။ ကျွန်တော်လည်း လှမ်းတက်ရမယ့် လှေခါးထစ်တွေကို ဆရာမပြောထားတဲ့ စကားတွေ ကြားယောင်းရင်း ဖြေးဖြေးမှန်မှန် တက်မယ်”

နွယ် နှုတ်ခမ်းကို စေ့ထားကာ ခေါင်းညိမ့်ရုံညိမ့်ပြလိုက်သည်။ စကားပြောလိုက်လျှင် ဝမ်းနည်းငိုကြွေးခြင်းက စကားလုံးများနှင့်အတူ ထွက်လာမှာ စိုးမိသည်။

” ဆရာမ ကို ကျွန်တော့် နူနူ အဖြစ် ခဏလောက် ဖက်ထားပါရစေ”

ပါထန် သည် နွေးထွေးသည့် လက်အစုံဖြင့်လှမ်းကာဖေက်လိုက်သည်။

” နူနူ ဟာ ငါရဲ့ ခွန်အားပဲ ။ အလင်းပြပေးသူပဲ။ ဘုရားသခင်ကောင်းချီးပေးပါစေ”

တိမ်ဝင်နေသော အသံဖြင့် ပါထန် ပွေ့ဖက်ကာပြောလေသည်။နွယ် လည်း သူ့ကျောပြင်လေးကို ပုတ်ကာ စီးကျလာသော မျက်ရည်တို့ကို သုတ်လိုက်သည်။ ပါထန်လည်းငိုနေသည်ကို နွယ် သိလေသည်။ဦးငွန်ကျဲအိုထန်က နွယ့်လက်ကို ဆွဲကာ နှုတ်ဆက်၍ အထူးကျေးဇူးတင်ပါကြောင်းပြောသည်။လှည့်ထွက်သွားသော သားအဖနှစ်ယောက်ကို မျက်စိတဆုံးကြည့်နေမိသည်။ ပါထန် နောက်ကိုလှည့်ကာ လက်လှမ်းပြသည်။ နွယ် လည်း ပြုံးကာ လက်ပြန်ပြလိုက်သည်။နောက်ထပ်အောင်မြင်မှုတွေ ထွေးပိုက်ဖို့သူတို့တွေ ခရီးဆက်ရပေဦးမည်။

အတောင်အလက်စုံကာ ပျံသန်းတတ်လာတော့ဒီထက် ပိုအောင်မြင်မည့် တိုးတက်စေမည့် နေရာများကို ကူးပြောင်း သွားရတော့မည်။ ကျောင်းတော်ကြီးနှင့်ဆရာ/ဆရာမများရင်ခွင်ကို မထားချင်လည်း ထားရစ်ခဲ့ရပေဦးမည်။မခွဲခင်လည်း ခွဲခဲ့ရပေဦးမည်။

တွေ့ကြုံ ဆုံကွဲ ဖြစ်မြဲ ဓမ္မတာပေတည်းးး

****@@ကောင်းကင်ယံတွင် တိမ်ဖုံးနေသော ကြယ်ကလေး များစွာရှိသည်။ တိမ်ဖုံးနေတုန်းခဏတာသာ မှေးမှိန် ရပေမယ့် တိမ်တွေဖယ်ကွာသွားရင်တော့ သူ့တို့ပကတိ ပင်ကိုယ် အလင်းရောင်က ရှိနေမြဲရှိနေဆဲပဲလေ။သူ့တို့အလင်းရောင်အားနှင့်ကမ္ဘာလောကကြီးကို တတ်အားသလောက် အလှဆင်ပေးတတ်ကြသည်။ဒါကြောင့် ကြယ်လေးများ၏ အင်အား ကြယ်လေးများ၏ စွမ်းအားကိုလည်း မေ့ပျောက်ထား၍ မရပေ။ အသိအမှတ်ပြုပေးရမည်။

နွယ် သည်လည်းပဲ ဒီချင်းတောင်တန်းတွင် ကျန်ရှိနေသောအချိန်ကာလများတွင် တိမ်ဖုံးနေသောကြယ်လေးများ ကို ထွန်းလင်းနိုင်ဖို့ရ န် ဆက်လက် ခွန်အားပေးရပေဦးမည်။

ဆရာမတာဝန်ကို ထမ်းဆောင်နေသမျှကာလပတ်လုံး တော့ ရောက်လေရာ နေရာတိုင်းမှာကြယ်လေးများ ထွန်းလင်းတောက်ပဖို့ရန်စွမ်းဆောင်နေရပေဦးမည်။



Thit Zin

Leave a Reply

Your email address will not be published. Required fields are marked *