
မတ်လ ၁၀ ရက်။
တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်တချို့မှာ ငွေစက္ကူတွေရှားပါးလာပြီး ကျန်းမာရေး၊ ဘာသာရေး၊ လူမှုရေးနဲ့ အရောင်းအဝယ်လုပ်တဲ့နေရာတွေမှာ အခက်ခဲများစွာရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဘဏ်လည်ပတ်မှု မရှိတော့တဲ့ ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်၊ မင်းတပ်၊ မတူပီ နဲ့ ပလက်ဝမှာ ဒေသခံတွေအနေနဲ့ Wave နဲ့ Kpay တွေကနေ ငွေလွှဲ၊ ငွေထုတ်တွေ လုပ်ရသလို ငွေထုတ်ရာမှာ အင်တာနက်၊ ဖုန်းလိုင်း အခက်ခဲများစွာလည်း ရှိသလို လိုချင်သလောက် ပမာဏလည်း မရနိုင်ဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပလက်ဝဒေသခံတစ်ဦးက “ပြည်တွင်းနဲ့ ပြည်ပနိုင်ငံခြားမှာရှိတဲ့ မိသားစုဝင်တွေက ပိုက်ဆံကို အင်တာနက်နဲ့ တိုက်ရိုက်လွှဲတာမျိုးမရဘူး ရန်ကုန်မှာရှိတဲ့ ပိုက်ဆံနည်းနည်းရှိတဲ့သူတွေက ရွာဘက်မှာ ငွေသွင်း၊ ငွေထုတ်လုပ်တယ် သူတို့ကပိုက်ဆံတွေကို သူတို့အိမ်မှာထုတ်ခိုင်းတယ် ပြီးတော့ ၁၀ ရာခိုင်နှုန်းဆိုတော့ တစ်သိန်းကိုတစ်သောင်းယူတယ် ပလက်ဝမှာ၊ အင်တာနက်ဖုန်းလိုင်းလည်းမရဘူး ဒါပေမယ့် ရွာဘက်မှာရှိတဲ့သူက လိုင်းမိတဲ့နေရာကနေ ပြည်တွင်း၊ ပြည်ပက သူတွေဆီကို ဖုန်းဆက်ပြီးမှ ပိုက်ဆံဘယ်လောက်လွှဲပေးတယ် ပိုက်ဆံဘယ်လောက်ကို ဘယ်သူ့ကိုဘယ်လောက်ထုတ်ပေးရမလဲဆိုတာ သူကနေတဆင့်လုပ်ပြီးမှ Wave ၊ Kpayတို့ ကနေ သွင်းထုတ်လုပ်ကြတာပေါ့ အဲလိုမျိုးကလည်း နေ့တိုင်းရတာမဟုတ်ဘူး တစ်ခါတစ်လေမှရတာပေါ့ လိုသလောက်ပမာဏမရဘူး ငွေသားရှားပါးလာတဲ့အခါကြတော့ ဈေးဝယ်တာတွေမှာ အခက်ခဲရှိတာပေါ့ အရောင်းဝယ်လုပ်တာဖြစ်ဖြစ် တစ်ခြားနေရာတွေမှာဖြစ်ဖြစ် ငွေကြေးနဲ့ ခက်ခဲဖြေရှင်းတဲ့ချိန်မှာ အရမ်းခက်ခဲတာပေါ့နော်” လို့ပြောပါတယ်။
ပလက်ဝမြို့ကို အာရက္ခတပ်တော် (AA) သိမ်းပိုက်ပြီးကတည်းက ငွေစက္ကူရှားပါးတဲ့ ပြဿနာကို ဒေသခံတွေအနေနဲ့ ကြုံနေရပြီး ကျန်းမာရေး၊ ဘာသာရေး၊ လူမှုရေးနဲ့ ဝယ်/ရောင်းတွေမှာ အခက်ခဲတွေများစွာရှိတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
ကန်ပက်လက်မြို့ဒေသခံတစ်ဦးက “ကန်ပက်လက်မြို့နယ်မှာက ဥပမာ ၁ သိန်းလွှဲရင် ၃ ထောင်လောက်တော့ Wave တို့ Kapay ဆိုင်တွေပေးရတယ် ကန်ပက်လက်မှာက ဆောနဲ့နီးတဲ့အခါကြတော့ ငွေစက္ကူ အခက်ခဲတော့ တခြားမြို့တွေလို ဆိုးဆိုးရွားရွားတော့ မရှိဘူး လိုသလောက်လည်း ရနိုင်ပါတယ်” လို့ပြောပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်( AA )က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့က သိမ်းပိုက်ခဲ့သလို မတူပီမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့သလို၊ ချင်းညီနောင် နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က မင်းတပ်မြို့ကို၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်၊ကန်ပက်လက်မြို့ကို ၂၀၂၄ ခုနှစ် ၊ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။



