
ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီကယ်တင်ဖို့ စစ်ကိုင်းတိုင်းဒေသ၊ ကလေးမြို့ကနေ မနေ့မနက် မတ်လ ၃၀ ရက်နေ့မှာ စတင်ထွက်ခွာသွားတဲ့ ကလေးမြို့က လူမူ့ကူညီရေးအသင်းအဖွဲ့တွေရဲ့ ကားတွေ စစ်ကိုင်းမြို့ကို ဒီကနေ့ မတ်လ ၃၁ ရက် နေ့လည် ၁ နာရီခွဲလောက်မှာ ရောက်ရှိနေပြီလို့ ဇိုမီးလူငယ် လူမူ့ကူညီရေးအသင်း (ZYA) ဥက္ကဌ Ko Khup Boih က ပြောပါတယ်။
ဇိုမီးလူငယ် လူမူ့ကူညီရေးအသင်း (ZYA) ဥက္ကဌ Ko Khup Boih က “ဒီကနေ့ နေ့လည် ၁ နာရီခွဲလောက်မှာ စစ်ကိုင်းကိုရောက်တယ် လောလောဆယ် မန္တလေး ဦးတည်ခရီးပါ လိုအပ်ရင် လိုအပ်သလို လူအင်အားထပ်ဖြည့်ဖို့ရန် စီစဉ်ထားပါတယ် ကားအစီးကတော့ ၅ စီးပေါ့ မန္တလေးတစ်ခုထဲရယ်မဟုတ်ဘူး ကျနော်တို့ကလည်းဒီကနေ ဟိုဘက်ရဲ့အခြေအနေတွေ ဘယ်လိုလဲဆိုတာမသိရတော့ လောလောဆယ်အရင်သွားနှင့်မယ်ဆိုပြီး သွားနှင့်တာဖြစ်တယ် အခုစစ်ကိုင်းမှာ လေ့လာထားတယ် မန္တလေးတစ်ခုထဲရယ်လို့မဟုတ်ဘဲ ကျနော်တို့လုပ်နိုင်သမျှ နေရာတွေ အားလုံး လုပ်သွားဖို့ အစီအစဉ်ရှိတယ်” လို့ပြောပါတယ်။
ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက် ကလေးမြို့က ကာယကံမေတ္တာ လူမူ့ကူညီရေး၊ ပုညကုတလ လူမူ့ကူညီရေး၊ မွန်ထာလူမူကူညီရေး၊ ကြိုးသုံးပင် လူမူ့ကူညီရေး၊ ZYA လူမူ့ကူညီရေး အသင်းအဖွဲ့ ၅ ခုက လူဦးရေ စုစုပေါင်း၂၆ ဦး ဟာ မနေ့ မတ်လ ၃၀ ရက်နေ့မနက်ပိုင်းကနေစလို့ ကလေးမြို့ကနေ ငလျင်ဘေးဒဏ်သင့် ဒေသတွေကို သွားရောက်ခဲ့ပြီး လိုအပ်ရင်လိုအပ်သလို လူအင်အားလည်း ထပ်ဖြည့်သွားဖို့ ရှိတဲ့ အကြောင်း ZYA) ဥက္ကဌ Ko Khup Boih ကပြောပါတယ်။
မတ်လ ၂၈ ရက်နေ့မွန်းလွဲပိုင်းလောက် လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတွေထဲက မြို့နယ်ပေါင်း ၂၀ ကျော်မှာ လူသေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေ များပြားခဲပြီး လက်ရှိမှာလည်း ကယ်ဆယ်ရေးတွေ ဆက်လက် လုပ်ဆောင်နေလျက်ရှိနေပါတယ်။
အင်အားပြင်း ငလျင်ကြောင့် မတ်လ ၃၀ ရက်နေ့ည ၈ နာရီအထိ နောက်ဆုံးရရှိတဲ့ စာရင်းတွေအရ သေဆုံးသူ – ၁၇၀၀၊ ထိခိုက်ဒဏ်ရာရ – ၃၄၀၀ နဲ့ ပျောက်ဆုံးသူ ၃၀၀ ရှိတယ်လို့လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
