
မတ်လ ၁၉ ရက်။
မကွေးတိုင်း ၊ ငဖဲမြို့နယ် ပဒါန်း – မင်းဘူး ကားလမ်းဟောင်းက တရုတ်ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ အရှိုချင်းအမျိုးသား ၆ ဦးကို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အခြေအနေသိရှိသူတစ်ဦးပြောတာက “တရုတ်ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်နေတဲ့ ချင်းအမျိုးသား ၆ ယောက်ကို ၁၅ ရက်နေ့ညမှာ အဖမ်းခံရတယ်လို့ သိရတယ် အခုထိတော့ မလွတ်သေးဘူး။ CDF တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းတာလို့ပြောတယ်။ ACDF နဲ့ CDF အရှိုတွေက သူတို့ကို ဖမ်းတာတောင်မသိဘူး” လို့ပြောပါတယ်။
ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ချင်းအမျိုးသား ၆ ဦးကို စစ်ကောင်စီတပ်ရဲ့ တပ်မ ၉၉ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ်လ ၁၅ ရက်နေ့ညမှာ လာရောက်ဖမ်းဆီးသွားတာလို့ သိရပြီး အဖမ်းဆီးခံရသူတွေရဲ့ အသက်အရွယ်၊ ဇာတိတွေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၇) ရက်နေ့ကလည်း ငဖဲမြို့နယ်၊ စပ်စီ(အရှိုချင်း) ရွာက ဒေသခံချင်းအမျိုးသမီး ဒေါ်ပလွန်နဲ့ သူ့သမီး မိုက်အက်စတာမန်း တို့ကိုလည်း စစ်ကောင်စီက သံသယရှိတယ်ဆိုပြီး ဖမ်းဆီးသွားခဲ့ကာ ဒီကနေ့ အချိန်ထိ ပြန်လွှတ်လာတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။