
မတ်လ ၉ ရက်။
ချင်းပြည်သစ်ကွန်ဂရက်ပါတီ တည်ထောင်ခွင့် လျှောက်ထားသူထဲမှာ မိမိအနေဖြင့် ပါဝင်ခြင်း မရှိသော်လည်း ပါတီထောင်တာဟာ ကောင်းတဲ့အလုပ်ဖြစ်တဲ့ အတွက် မိမိ အနေဖြင့် အားပေးကြောင်း ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ)အဖွဲ့၀င်ဒေါက်တာမှုထန်က Chin World Media ကို ပြောပါတယ်။
“လက်ရှိ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားတဲ့ ခေါင်းဆောင် နှင့် ဒုတိယ ခေါင်းဆောင် တို့က လူငယ်တွေပါ။ သူတို့ရဲ့ နာမည်ကို ထုတ်ပြောဖို့က လက်ရှိမှာ စောသေးတယ်။ တချို့ကတော့ မျိုးစုံ ပြောနေပေမယ့် ကျွန်တော်ရယ်၊ ဗိုလ်ချုပ်ဟုန်ငိုင်းရယ်၊ ဦးနိုထန်ကပ်ရယ်၊ ဒေါက်တာဘမောင် ရယ် က မပါပါဘူး။ ပါတီဆိုတော့ သူတို့ကို အားပေးရမှာပေါ့။ သူတို့လုပ်တာကိုင်တာကို အကောင်းဘက် ကို ဇောင်းပေးပြီး ကျွန်တော်တို့ အားပေးရမှာပဲ၊ပါတီရှိရမယ်။ ရွေးကောက်ပွဲ လုပ်ရမယ်။ ပြည်သူက ရွေးကောက်တဲ့ အစိုးရနဲ့ ဒီမိုကရေစီ ကိုသွားမယ်။ ပြီးရင် ပုံစံ သစ် သွားမယ် ဆိုတာ အားလုံး အကုန်သိပြီးသားပဲ။ ကျွန်တော်တို့ ကတော့ စိတ်ထဲကနေ ချင်းပြည်နယ် အေးချမ်းဖို့၊ ချင်းလူမျိုးနွယ်စု အားလုံး စည်းလုံးညီညွတ်ရေး ရှိဖို့၊ နောက်ပြီး ဖက်ဒရယ် ပြည်ထောင်စုမှာ ချင်းလူမျိုးတွေဟာ ချင်းပြည်နယ် အနေနဲ့ ဝင်ဖို့ကတော့ ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲ မဝင်ရင် ဘယ်လိုမှ မရဘူးလေ။ ရွေးကောက်ပွဲ ဝင်နိုင်ဖို့ ဆိုရင် ပါတီ မဖွဲ့ရင် လုံးဝ မရဘူး” လို့ ဒေါက်တာမှုထန် ကပြောပါတယ်။
ချင်းပြည်သစ်ကွန်ဂရက်ပါတီ တည်ထောင်ခွင့် လျှောက်ထားသူထဲမှာ မပါဝင်ခြင်းနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ ကတော့ အသက်ကြီးပြီ၊ ဟိုး စောစောကတည်းက USDP ကနေတောင် ကျွန်တော် အနားယူခဲ့ပြီလေ။ ဆိုလိုတာက ကျွန်တော်တိုက လူငယ်တွေကို ဦးစားပေးချင်တယ်။ သဘောက လူငယ်တွေကို တိုင်းပြည်အတွက် ပါဝင်စေချင်တယ်။ ပါတီပိုင်းမှာတော့ ကျွန်တော်တို့ က မဆိုင်ဘူးလေ။ အားတော့ ပေးတာပေါ့။ ကျွန်တော်တို့က အဲဒီ ခေါင်းဆောင် လူငယ်တွေကိုပဲ အားပေးရမှာပါ၊ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုတွေ၊ အထူးသဖြင့် ချင်း လူမျိုးတွေကို We are one in Chin, ဆိုတဲ့အတိုင်း အကုန်လုံးစုပြီး တစုတစည်းတည်း နေဖို့၊ ချစ်ကြခင်ကြ ဖို့၊ တစုတစည်း စည်းစည်းလုံးလုံးနဲ့ ချင်းလူမျိုးတွေ တိုးတက်ဖွံ့ဖြိုးဖို့၊ ချင်းပြည်နယ်ကြီး တိုးတက်ဖို့ ကျွန်တော်တို့ စိတ်ထဲမှာ ရှိပါတယ် ခင်ဗျာ”လို့ လူငယ်တွေ ပါတီနိုင်ငံရေးမှာပါဝင်လာတာ အားပေးကြောင်း ဒေါက်တာမှုထန် ဆက်လက်ပြောကြား ခဲ့ပါတယ်။

ချင်းပါတီ တည်ထောင်ခွင့် လျှောက်ထားမှု နဲ့ ပတ်သက်ပြီး ပါဝင်သူဟု အမည်သတင်းထွက်သူတစ်ဦးဖြစ်တဲ့ ချင်းပြည်နယ်လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာဘမောင် ကမူ “ကျွန်တော်တို့တွေ မပါတော့ဘူး၊ အသက်လည်းကြီးပြီ။ လူငယ်တွေလုပ်ပါစေ၊ လူငယ်တွေက အဖြူ၊ အစိမ်း၊ အနီ၊ အဝါ မရွေးပါဘူး ဆိုတဲ့ အိုင်ဒီယာ ရှိတယ်လို့ ထင်ရပါတယ်” လို့ ချင်းပြည်သစ်ကွန်ဂရက်ပါတီတည်ထောင်ခွင့် လျှောက်ထားသူထဲမှာ မပါဝင် ကြောင်း Chin World Media ရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။
ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမယ့် ၂၀၂၅ ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ကျင်းပသွားဖို့ စီစဉ်ထားတဲ့အကြောင်း အာဏာသိမ်းစစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၇ ရက်နေ့မှာ ဘယ်လာရုစ်နိုင်ငံကို ချစ်ကြည်ရေး ခရီးရောက်ရှိခဲ့ချိန်တုန်းက ပြောကြားခဲ့ပါတယ်။
