
မတ်လ ၇ ရက်။
ချင်းပြည်သစ်ကွန်ဂရက်ပါတီက ပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ မတ်လ ၆ ရက်နေ့က လျှောက်ထားခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။
ချင်းပြည်သစ်ကွန်ဂရက်ပါတီ တည်ထောင်ဖို့ ချင်းပြည်နယ်ရဲ့ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဌလည်းဖြစ်သူ လက်ရှိစစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်တဲ့ ဒေါက်တာမှုထန်က ဦးဆောင်ပြီး တည်ထောင်ဖို့ ပြင်ဆင်နေတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက သတင်းတွေထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။
Chin World မီဒီယာအနေနဲ့ ဒေါက်တာမှုထန်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ပါတီတည်ထောင်ဖို့ ကိစ္စနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ “ချင်းပါတီအသစ် ဖွဲ့စည်းခြင်းမရှိသေးပါဘူး။ ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပလိမ့်မယ် PR စနစ်ကိုကျင့်သုံးလိမ့်မယ်။ ဖက်ဒရယ်စနစ်ကို တည်ထောင်မှာဖြစ်တဲ့အတွက် ချင်းတွေအတွက် ပါတီမရှိလို့တော့ မဖြစ်ပါဘူး။ ချင်းပြည်နယ် တိုးတက်ဖို့၊ ဖွံ့ဖြိုးဖို့၊ စည်းစည်းလုံးလုံးဖြစ်ဖို့ရယ်နဲ့ မတည့်တာတွေ ရင်ကြားစေ့စေချင်တယ်ဆိုတဲ့ စဉ်းစားချက်ပါဘဲ” လို့ဖြေကြားခဲ့ပါတယ်။
နိုင်ငံရေးပါတီ တည်ထောင်လိုတဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီသည် ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပါတီ စုစုပေါင်း ၇၀ ပါတီ ရှိပြီဖြစ်တယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
စစ်ကောင်စီဟာ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောဆိုထားပြီး မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲ မြို့နယ် ၁၁၀ မှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ချင်းပြည်နယ်အတွင်းမှာတော့ လုပ်နိုင်မှာမဟုတ်သလို လုပ်ခွင့်လည်း ပေးမှာမဟုတ်ဘူးလို့ ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း ပြောဆိုထားပါတယ်။

