ချင်းပြည်မှာ ငြိမ်းချမ်းလာတဲ့အခါ ဝဥ စိုက်ပျိုးမှုဟာ ဘိန်း အစားထိုး စိုက်ပျိုးဖို့အတွက် ရွေးချယ်စရာ တစ်ခု ဖြစ်လာနိုင် သလား?

ကိုဇံ(ချင်းတောင်)

“ချင်းပြည်နယ်တွင် ဝဥ စိုက်ခင်း ဧက ၁၂၀၀၀ ရှိကြောင်း” စစ် ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ဟာ မတ်လ ၁၁ ရက်က ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးရရုံး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေး ခန်းမမှာ ကျင်းပခဲ့တဲ့ ဝဥတန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းအတွက် စက်အသေးစား(၄)မျိုး (၁)စုံအား စိုက်ပျိုးရေးဦးစီးဌာနမှ အခြေခံသမဝါယမအသင်း (၃)သင်း၏ အမှုဆောင်များထံသို့ Pilot Project အနေဖြင့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားမှာ အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

တဖက်တွင်လည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ (UNODC),UNODC (United Nation Office on Drugs & Crime) ရဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု အစီရင်ခံစာမှာ ချင်းပြည်နယ် အတွင်း ဘိန်းစိုက်ခင်း ၈၃၂ ဟတ်တာ (၂၀၅၅ ဧက) ရှိတယ် လို့ တွက်ချက်ခန့်မှန်း ထားကြောင်း ဖော်ပြထား ပါတယ်။

အကျဉ်းဖျင်း နှိုင်းယှဉ်ကြည့်မည် ဆိုပါက ချင်းပြည်နယ်မှာ ပြည်သူအများ အများဆုံး စိုက်ပျိုးတဲ့ သီးနှံတစ်ခု ဖြစ်လာသော ဝဥ စိုက်ပျိုးမှုဧက ဟာ ဘိန်းစိုက်ပျိုးမှုရဲ့ ငါးဆ ရှိသည်ကို တွေ့ရှိခဲ့ ရပါတယ်။

ဘိန်းအစားထိုးသီးနှံ အဖြစ် ဝဥကို ချင်းပြည်နယ်လွှတ်တော်မှာ အဆိုပြုခဲ့ဖူးခြင်း

ပြီးခဲ့တဲ့ NLD အစိုးရသက်တမ်းအတွင်း၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထောင်ခိုမန် ကနေ “ဘိန်းခင်းများကို ဖျက်သိမ်းပြီး ဝဥ အစားထိုး စိုက်ပျိုးရေး” နှင့် ပတ်သက်ပြီး ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မေးခွန်းမေးခဲ့ ပြီး၊ ယင်းကဲ့သို့ ဆောင်ရွက်နိုင်ဖို့အတွက် အစိုးရရဲ့ ထောက်ပံ့မှု ရရှိမှ ဖြစ်နိုင်မယ်လို့ မှတ်ချက်ပြုထားကြောင်း Chin World Media ရဲ့ ဖော်ပြခဲ့ပြီး သတင်းများ အရ သိရှိရပါတယ်။

သက်ဆိုင်ရာ ဝန်ကြီးဌာန ကတော့ “စီမံကိန်း ဖြင့် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း” ပြန်လည် ဖြေကြားခဲ့တယ် လို့ သတင်းဖော်ပြချက်များ အရ တွေ့ရှိခဲ့ ရပါတယ်။အဆိုပါ ဆွေး နွေးမှုဟာ NLD ပါတီ လူထု အစိုးရ အုပ်ချုပ်တဲ့ ကာလ အတွင်း လွတ်တော် အသီးသီးမှာ ချင်းပြည်နယ်ရဲ့ဘိန်းစိုက်ပျိုးမှု နဲ့ ပတ်သက်တဲ့ ရှားပါးသော ဆွေးနွေးမှု အဖြစ် မှတ်တမ်းတင်ရတော့မှာ ဖြစ်ပါတယ်။

တွန်းဇန်အမတ်ဦးထောင်ခိုမန်းကတော့ ဘိန်းစိုက်တောင်သူများရဲ့အစားထိုး စိုက်ပျိုးနိုင်ရေး နှင့် ပတ်သက်ပြီး မှတ်ချက် ပြုရာမှာ “သူကိုယ်တိုင် ကွင်းဆင်းပြီး ဘိန်းစိုက်ခင်းတွေ ဖျက်ဖို့ ပြောခဲ့ရာတွင် တခြားသီးနှံ အစားထိုးနိုင်ဖို့ ငွေကြေး အခက်အခဲ ရှိကြောင်း၊ ငွေကြေး အားဖြင့် မထောက်ပံ့နိုင်သည့် တိုင်အောင် ၃လ ကနေ ၅ လ စာလောက် စားနပ်ရိက္ခာ ထောက်ပံ့ဖို့လိုအပ်ကြောင်း၊ ယင်းကဲ့သို့ လုပ်နိုင်ပါက တောင်သူတွေ အနေနဲ့လည်း လက်ခံခဲ့ကြောင်း၊ ဝန်ကြီးဌာနကနေ စီမံကိန်းနဲ့ပဲ ဖျက်သိမ်းလို့ ရမည်ဟု ပြောကြား ထားပြီး စီမံကိန်းကိုမူ ၂၀၂၀ ကနေ စတင်မှာ အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း၊ လွတ်တော် ကနေ တဆင့် ကွင်းဆင်းစည်းရုံးပြီး ဘိန်း အစားထိုး စိုက်ပျိုးရေးကို လုပ်ဆောင်သင့်ကြောင်း” မှတ်ချက်ပြု ပြောကြားတာကိုလည်း Chin World Media သတင်းပါ ဖော်ပြချက်များ အရ တွေ့ရှိရပါတယ်။

စိုက်ပျိုးကာလ နှိုင်းယှဉ်ချက်

“ဝဥဟာ ချင်းတောင်ဒေသ၏ သဘာဝ အတိုင်း အလေ့ကျ ပေါက်သည့် အပင် တမျိုး ဖြစ်ပါတယ်။ ဈေးကွက် လိုအပ်ချက်ကြောင့် စမ်းသပ် စိုက်ပျိုးကြရာကနေ စိုက်ပျိုးပင် တစ်ခု ဖြစ်လာခဲ့ ပါတယ်။ စိုက်ပင်များကို ပြန်လည် တူးဖော် ရောင်းချ နိုင်ဖို့ အတွက် အနည်းဆုံး သုံးနှစ် ခန့် အချိန်ပေးခဲ့ ရတယ်။ နှစ်တိုင်း ရာသီအလိုက် လိုသလို ပေါင်းရှင်းခဲ့ရတယ်။”ရ ကြောင်း ချင်းတောင် ဝဥ စိုက် တောင်သူများရဲ့ပြောပြချက် အရ သိရှိခဲ့ရ ပါတယ်။

“အလေ့ကျ ပေါက်တဲ့ ဝဥတွေကို မိုးလယ် လောက်က စပြီး ရှာဖွေ တူးဖော်ခဲ့ရ တယ်။ စိုက်ထားတဲ့ ဝဥ တွေကျတော့ မိုးကုန် ပွင့်လင်း ရာသီမှာ တူးဖော်ကြတာများတယ်။ ဝဥ အစိုကိုကျတော့ ဈေးနည်းနည်း နဲ့ ဝယ်ယူ ကြတော့ ဝဥကို ဖြတ်ပြီး အခြောက်ခံ ရောင်းလာကြတော့ ဈေးပိုကောင်းတယ်။ လုပ်အားစိုက်ရ ပေမယ့် လုပ်အားနဲ့ ထိုက်သင့်တဲ့ ငွေ ပြန်ရတော့ တောင်သူ အများစုက ကိုယ်တိုင် အခြောက်ခံကြတယ်” လို့လည်း ဝဥ လုပ်ကိုင်သူ တောင်သူများ ဆီမှ သိရပါတယ်။

“ဘိန်းစိုက်ရာသီက ၅ လ ကနေ ၆ လ ခန့်သာ ကြာမြင့်ခဲ့ပါတယ်။ မျိုးစေ့တွေ ပျိုးဖို့ ပေါင်းရှင်းရတယ်။ မျိုးကြဲ ပြီးရင် လိုအပ် သလို တခါ လောက် ပေါင်းရှင်းတာမျိုး လုပ်ဖို့ လိုတတ်တယ်။ ပေါင်းရှင်းဖို့ မလိုတဲ့ အခင်းလည်း ရှိတယ်။ အလုပ်အများဆုံးကတော့ ဘိန်းခြစ်ချိန်ရယ်၊ ဘိန်းဆီ ပြန် သိမ်းချိန်ရယ် ပါ။ လူအင်အား နဲ့ ကန့်သတ် ကာလ တစ်ခု အတွင်း ပြီးမြောက် အောင် လုပ်ရတယ်။ ပုံမှန် အားဖြင့် တနှစ်မှာ တစ်ခါ စိုက်တယ်။ တခါသိမ်းခဲ့ရတယ်” လို့ ဘိန်းစိုက်ပျိုးမှုနှင့် ပတ်သက်ပြီး စောင့်ကြည့် လေ့လာနေသူ ဒေသခံ တစ်ဦးက ပြောပြပါတယ်။

လက်ရှိထုတ်လုပ်နိုင်မှု နှင့် ဈေးနှုန်း တို့ဖြင့် နှိုင်းယှဉ်ခြင်း

လက်ရှိ စစ် ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ်ရဲ့အမှာစကားပါ ပြောကြားချက်များ အရ ဟားခါးမြို့နယ် နှင့် မတူပီမြို့နယ် နှစ်ခုတည်း ကနေ တနှစ်လျှင် ဝဥ လွှာခြောက် ပိဿာချိန် ၅ သောင်းခန့် ထုတ်လုပ် နိုင်ခဲ့တယ် လို့ ဆိုခဲ့ပါတယ်။ ချင်းပြည်နယ် ဝန်ကြီးချုပ်မှ ဝဥ စိုက်ပျိုးတဲ့ မြို့နယ်တွေ အကြောင်း ပြောကြားရာမှာတော့ တီးတိန်၊ ဟားခါး၊ မတူပီ နှင့် ကန်ပက်လက် မြို့နယ် တို့သာ ရည်ညွှန်းပြောဆိုခဲ့သော်လည်း မင်းတပ်မြို့နယ်ဟာ ဝဥ စိုက်ပျိုးမှု အများဆုံး မြို့နယ် တစ်ခု ဖြစ် ကြောင်း ချင်းတောင် ဝဥ စိုက်ပျိုးသူ တောင်သူများ ရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။

ချင်းပြည်နယ် ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ကို ကိုးကား တွက်ချက်ပါက ၁မြို့နယ်လျှင် ဝဥ လွှာခြောက် ပိဿာချိန် ၂သောင်းခွဲခန့် ရှိရာ ၅ မြို့နယ်ကနေ တစ်နှစ်လျှင် ဝဥလွှာခြောက် ၁သိန်း ၂ သောင်းခွဲခန့် ထုတ်လုပ်နိုင်ချေ ရှိပါတယ်။

တီးတိန်မြို့နယ်မှ ဝဥစိုက် ဒေသခံ တောင်သူများရဲ့ ပြောကြားအချက် အရ ကလေးမြို့မှာ ဝဥ လွှာခြောက် တစ်ပိဿာလျှင် ကျပ် ၉၀၀၀ ဖြင့် ဝယ်ယူ ထားပြီး မန္တလေးမြို့မှာ ကျပ် တစ်သောင်းခွဲ ခန့် ဈေးပေါက် ကြောင်း သိရပါတယ်။ ယခုနှစ် ၂၀၂၅ အစပိုင်းမှာ မင်းတပ်မြို့ ဝန်းကျင်မှာ ဝဥ လွှာခြောက် ဝယ်ယူ စုဆောင်းသူ တစ်ဦးကမူ တစ်ပိဿာလျှင် ကျပ် တစ်သောင်း ဝန်းကျင်ဖြင့် ဝယ်ယူ ကြောင်း ဒေသ မီဒီယာ တစ်ခုကို ပြောကြားခဲ့ပါတယ်။

“အရင်နှစ်တွေက ဝဥလွှာခြောက် တစ်ပိဿာကို ကျပ် ၁၅၀၀၀ နှင့် ၂၀၀၀၀ ကြား ရှိခဲ့တယ်။ အခုတော့ တစ်ပိဿာ ကျပ် ၉၀၀၀ နှင့် ၁သောင်းကြား သာ ရှိတဲ့ ကြားက တိုက်ပွဲတွေ အပြန့်ကျယ်လာပြီး လမ်းကြေး၊ ဂိတ်ကြေးတွေ ပေးရတာကြောင့် တွက်ချေမကိုက် ဖြစ်နေရတယ်” လို့ ဝဥ လုပ်ကိုင်သူ တောင်သူ တစ်ဦးက ဒေသ မီဒီယာ တစ်ခုကို ပြောဆိုထားတာ တွေ့ရပါတယ်။

ခန့်မှန်း နှိုင်းယှဉ် တွက်ချက်ကြည့်ပါ က ဝဥလွှာခြောက် ထုတ်လုပ်ရာ ကနေ ချင်းပြည်နယ် အနေဖြင့် ကျပ် သန်းပေါင်း ၁၀၀၀ ကျော် (၁,၁၂၅) ခန့် ရရှိနိုင် ပါတယ်။ လက်ရှိ အပြင် ငွေလဲနှုန်း နဲ့ တွက်ချက်ပါ အမေရိကန် ဒေါ်လာ ၂ သိန်းခွဲ ခန့် ရှိနိုင်ပါတယ်။

UNODC ရဲ့ ခန့်မှန်း တွက်ချက်မှု အရ ချင်းပြည်နယ် ကနေ ဘိန်းစိမ်း မက်ထရစ် တန်ချိန် ၁၈ ခန့် ထွက်ရှိတယ်လို့ အစီရင်ခံစာပါ အချက်များ အရ သိရှိရပါတယ်။ ၁၈ တန်ဟာ ပိဿာ အားဖြင့် ၁၁,၁၁၁ ပိဿာခန့် ရှိပါတယ်။ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဘိန်းစိမ်း တစ်ပိဿာဟာ ကျပ် ၂၁ သိန်းခန့် ရှိကြောင်း UNODC မှ ခန့်မှန်းတွက်ချက် သော်လည်း Chin World Media ရဲ့ သတင်း အရင်းအမြစ်များ အရ ချင်းတောင်မှာ ဘိန်းစိမ်း တစ်ပိဿာ ကျပ် သိန်း ၇၀ ဈေးပေါက် နေတယ် လို့ သိရပါတယ်။

ဒေသ ပေါက်ဈေး နှင့် UNODC ထုတ်ပြန်ထားတဲ့ ချင်းပြည်နယ်မှာ ဘိန်းစိမ်း ထုတ်လုပ်နိုင်မှုကို တွက်ချက်ကြည့်ပါက ချင်းပြည်နယ် အနေဖြင့် ဘိန်းစိုက်ပျိုးမှုက နေ တစ်ရာသီ (၂၀၂၄-၂၅ စိုက်ပျိုးမှု ရာသီ)အတွင်း ကျပ်ငွေ သန်းပေါင်း ၈ သိန်း နီးပါး (၇၇,၇၇၇ သန်း) ခန့် ရှိပါတယ်။ လက်ရှိ အပြင်ငွေလဲနှုန်း နဲ့ တွက်ချက်ပါက အမေရိကန် ဒေါ်လာ ၁၇.၇ သန်း (၁၇,၇၅၇,၃၀၅$) ရှိပါတယ်။

ဝဥ စိုက်ပျိုးမှု ကနေ ရရှိသည့် ဝင်ငွေဟာ ဘိန်းစိုက်ပျိုးမှု ကနေ ရရှိသည့် ဝင်ငွေရဲ့ ၁.၄၅ % လောက်သာ ရှိကြောင်း စာ ရေးသူ အ နေဖြင့် အကြမ်းဖျင်း တွက်ချက် တွေ့ရှိရပါတယ်။

ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး နှင့် ချင်းတောင် အခြေအနေ

၂၀၁၉ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ ချင်းပြည်နယ် ဟားခါးမြို့မှာ ကျင်းပခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ NLDပါတီက ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က “၂၀၁၅-၂၀၁၆ ခုနှစ်မှာ ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ခင်း ဧက ၁၃၂၀၊ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ဧက ၆၉.၂၅ နှင့် ၂၀၁၈-၂၀၁၉ ခုနှစ်မှာ ဧက ၁၃၄ တို့ကို ချင်းပြည်နယ်အစိုးရက ဖျက်ဆီးခဲ့တယ်” လို့ ပြောကြားခဲ့ကြောင်း Chin World Media ရဲ့ယခင် ဖော်ပြခဲ့ပြီး သတင်းများ အရ တွေ့ရှိရပါတယ်။

“၂၀၂၁ အလွန်မှာ နိုင်ငံရေး ပဋိပက္ခ ကြောင့် ချင်းပြည်နယ်မှာ အခုလို နှစ်စဉ်နီးပါး ဘိန်းစိုက်ပျိုးမှု မြှင့်တက်လာခဲ့ တာပါ။ နိုင်ငံရေး အခြေအနေ တည်ငြိမ်လာတာနဲ့ အမျှ ဘိန်းစိုက်ပျိုးမှုများ အများကြီး လျော့ကျ နိုင်တယ်။ ပဋိပက္ခ အလွန်ကာလမှာ ဝဥ၊ မျောက်ငို၊ ထောပတ် တို့လို ဒေသမှာ ဖြစ်ထွန်းတဲ့ စိုက်ပျိုးပင် တွေနဲ့ အစားထိုးမှုတွေ ဖြစ်လာလိမ့် မယ်လို့မျှော်လင့် ပါတယ်။ လက်ရှိမှာ ကျတော့ ဒေသထွက် စိုက်ပျိုး ထုတ်ကုန် တွေ ကိုယ်တိုင်က ဈေးကွက် ပျောက်တာကြောင့် ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး နှင့် အစားထိုး အစီအစဉ်တွေ လုပ်ဖို့ ခက်ခဲအုံးမယ်” လို့ ချင်းတောင် ဘိန်းစိုက်ပျိုးမှု စောင့်ကြည့်လေ့လာသူ ၁ ဦး မှ မှတ်ချက်ပြု ပြောကြား ခဲ့ပါတယ်။

ဘိန်းအစားထိုး ဝဥ စိုက်ပျိုးရေး

ချင်းပြည်နယ်မှာ ပြည်သူ တွေစိုက်ပျိုးမှုအများဆုံးသီးနှံဖြစ်တဲ့ ဝဥ စိုက်ပျိုးမှုဟာ တချိန်မှာ ချင်းပြည်မှာငြိမ်းချမ်းလာတဲ့အခါ ဘိန်း အစားထိုးစိုက်ပျိုးဖို့အတွက် ရွေးချယ်စရာ တစ်ခု ဖြစ်လာနိုင် သလားလို့ စာ ရေးသူ လက်လှမ်းမှီသမျှချင်းပြည်နယ်က ဒေသခံ တချို့ကို မေးကြည့် မိပါတယ်။

“ဝဥ စိုက်ပျိုးမှုဟာ ချင်းတောင်ရှိ တောင်သူတိုင်း လုပ်ကိုင်နိုင်တဲ့ သီးနှံ တမျိုး ဖြစ်ပါတယ်။ ရာသီဉတု ကို အန်တု နိုင်တဲ့ သီးနှံမျိုးလည်း ဖြစ်တယ်။ ဘိန်း စိုက်ပျိုးမှု ဟာ ရုပ်ပိုင်း နှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံရေး အရရော၊ ဘာသာရေး အရပါ ကန့်သတ်ချက်တွေ အများကြီး ရှိပါတယ်။ တစ်ရာသီ သီးနှံ ဖြစ်သလို၊ စိုက်တိုင်း ကောင်းတာမျိုးလည်း မဟုတ်ဘူး။ ရာသီဥတု တချက် ဖောက်ပြန်ရင် ရင်းနှီး သမျှ ဆုံးရှုံး နိုင်ပါတယ်။ စိုက်တဲ့ သူတိုင်း မြတ်တာမျိုး မဟုတ်ဘူး” ဘိန်းစိုက်ရာ ဒေသနဲ့ နီးစပ်ရာမှာ နေထိုင်သူ တောင်သူ တစ်ဦးက ပြောပါတယ်။

ဘိန်း အစားထိုး ဝဥ စိုက်ပျိုးရေး နှင့် ပတ်သက်ပြီး ဒေသအတွင်း တာဝန် ထမ်းဆောင်နေသည့် NGO ဝန်ထမ်း တစ်ဦး ကမူ “ငွေ ရရှိမှုမှာ ဝဥ နှင့် ဘိန်းက ဘယ်လိုမှ မနှိုင်းယှဉ် သင့်ပါဘူး။ ဒါပေမယ့် လုပ်ကိုင်သူ တောင်သူတွေ ကိုယ်တိုင်က စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု ခံစားချက်တွေ ကြောင့် ပိုမို လုံခြုံပျော်ရွင် စေတဲ့ ဝဥ လိုမျိုး သီးနှံကို နိုင်ငံရေး ပြန်လည် တည်ငြိမ်ရင် ရွေးချယ်လာ ကြမှာပါ။ တောင်သူတွေက အစားထိုးစိုက်ပျိုးဖို့ စိတ်အား ထက်သန် တဲ့ အချိန်မှာ ဆိုင်ရာ အသီးသီက သူတို့ စိတ်မပျက်မိ အောင် ဝိုင်းဝန်း ပံ့ပူး နိုင်ဖို့ ကြိုတင် ပြင်ဆင် သင့်တယ်” လို့ မှတ်ချက် ပြုထားပါတယ်။

ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ တက်ကြွစွာပါဝင် လှုပ်ရှားခဲ့သူ တစ်ဦး ကတော့ ဘိန်း အစားထိုး ဝဥ စိုက်ပျိုး နိုင်ရေး နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရာမှာတော့ “ဝဥ စိုက် တောင်သူတွေ အနေနဲ့ ပွင့်လင်း ရာသီ ကာလ တလျှောက်လုံး ဝဥကို တူးဖော်ပြီး ဝဥလွှာခြောက် ကို တောက်လျှောက် ထုတ်လုပ် လို့ရတယ်။ ဝဥ လွှာခြောက် ထုတ်လုပ်မှု လုပ်ငန်းစဉ်မှာလည်း လူကြီး လူငယ် မရွေး အရွယ်စုံ လုပ်ကိုင် လို့ရတဲ့ အလုပ်တွေ ရှိတယ်။ စိုက်ပျိုးမှု တိုးချဲ့ နိုင်တဲ့ တခြား လုပ်ငန်းစဉ်တွေလည်း တိုးချဲ့ရ မှာဖြစ်တယ်။ ချင်းတောင် ဘိန်းစိုက်ပျိုးမှုကို ခြုံကြည့်ရ ရင် အခင်း ပိုင်ရှင်တွေရဲ့ လုပ်အားကြောင့် မဟုတ်ဘဲ အလုပ် လက်မဲ့ ဒေသခံ လူထုရဲ့ လုပ်အားကြောင့် ဆိုတာ တွေ့ရတယ်။ ဝဥ စိုက်ပျိုးရေး နှင့် ထုတ်လုပ်ရေး က အလုပ်အကိုင် မရှိလို့ ဘိန်းခင်းမှာ အလုပ်သမား သွားလုပ်တာမျိုး ပပျောက်သွားဖို့ အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်နိုင်ပါတယ်။ အဖြစ်သင့် ဆုံးလဲ ဖြစ်တယ်။ ဘိန်းကို ယှဉ်ပြီး ဝင်ငွေများဖို့ ဝဥ ထုတ်လုပ်နိုင်မှု ပမာဏကို မြှင့်တင်ဖို့ပဲ လိုပါတယ်” လို့ ပြောကြား ခဲ့ပါတယ်။

“ဒါပေမယ့် ဝဥလို ဒေသစိုက်ပျိုးရေး ထုတ်ကုန်တွေ အပေါ် တောင်သူတွေ အနေနဲ့ စိတ်ချ လက်ချ မှီခို နိုင်ဖို့ တည်ငြိမ်တဲ့ ဈေးကွက်၊ ကောင်းမွန်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ လုံလောက်တဲ့ စက်ယန္တရားတွေ ထောက်ပံ့ နိုင်ဖို့ လိုပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေ မဖြည့်ဆည်းပေး နိုင်သေးသရွေ့တော့ ဖြည့်ဆည်းပေးနိုင်တဲ့ ရွေးချယ်စရာ တစ်ခုခု တော့ ရွေးချယ်မိ ကြမှာပဲ” လို့ ယင်းတက်ကြွလှုပ်ရှားသူမှ သုံးသပ်ပြောကြား ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *