Headlines

ချင်းပြည်နယ်မှာ ဟားခါးနဲ့တီးတိန် စာစစ်ဌာန ၂ ခု ကနေ ၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုဖို့ ကျောင်းသားကျောင်းသူ ၄၇၁ ဦး လျှောက်ထား

မတ်လ ၄ ရက်။

ချင်းပြည်နယ်မှာ ၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနိုင်မယ့် ဟားခါးမြို့နဲ့တီးတိန်မြို့မှာသာ စာစစ်ဌာန နှစ်ခုသာ ရှိပြီး မတ်လ ၄ ရက်နေ့ အထိ ဖြေဆိုခွင့် လျှောက်ထားသူ ကျောင်းသားကျောင်းသူ ပေါင်း ၄၇၁ ဦး ရှိတယ် လို့ ပြည်နယ်ပညာရေးရုံးနဲ့ နီးစပ်တဲ့ ဟားခါးမြို့နေ ပြည်သူ တစ်ဦး ထံမှ သိရှိရပါတယ်။ 

“၂၀၂၅ ခုနှစ် အတွက် ချင်းပြည်နယ်မှာ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနိုင် မယ့် စာစစ် ဌာန က နှစ်ခုပဲ ရှိတယ်။ အထက (၁) ဟားခါး နှင့် အထက (၁) တီးတိန် မှာပဲ ဖြေဆို ကြလိမ့်မယ်။ အထက ခိုင်ကမ်း ကလည်း စာစစ်ဌာန ရရှိခဲ့ ပေမယ့် စာမေးပွဲ ဖြေဆိုဖို့ လျှောက်ထားသူ မရှိဘူး” လို့ ဟားခါးမြိုံခံတစ်ဦးက ေပြာပါတယ်။ 

မတ်လ ၄ ရက်နေ့ အထိ ရရှိခဲ့တဲ့ စာရင်းများ အရ ဟားခါးမြို့ကနေ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမယ့်သူ ၃၁၄ ဦး ရှိခဲ့ပြီး တီးတိန်မြို့မှာတော့ ၁၅၇ ဦး ရှိကာ စုစုပေါင်း ၄၇၁ ဦး ရှိပြီ ဖြစ်တယ် လို့ ပညာရေးနဲ့ နီးစပ်သူ ထံမှ သိရှိရ ပါတယ်။ 

“စာမေးပွဲ ဖြေဆိုဖို့ တစ်ရက် အလို အထိ စာမေးပွဲ ဖြေဆိုဖို့ လျှောက်ထားခွင့် ပြုထားတော့ စာမေးပွဲ ဖြေဆိုတဲ့ အချိန်ထိ စာမေးပွဲ ဖြေဆိုမယ့် ကျောင်းသားကျောင်းသူ ဦးရေကို အတိအကျကို ပြောလို့တော့ မရသေးဘူး” လို့လည်း အဆိုပါဟားခါးမြို့ခံမှ ဆက်လက် ပြောပြပါတယ်။ 

၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ချင်းပြည်နယ်မှာ ဖြေဆိုသူ ၄၀၁ ဦးရှိပြီး အထူးအစီအစဉ်နဲ့ ဧပြီလမှာ ပြန်လည်ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၃၄ ဦး နဲ့ စုစုပေါင်း ၄၃၅ ဦး ရှိခဲ့ပြီး ချင်းပြည်နယ် ပညာရေး သမိုင်းမှာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ အနည်းဆုံး နှစ် အဖြစ် စံချိန်ဝင်ခဲ့ကာ ၃၃၈ ဦး အောင်မြင်ခဲ့ ပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်မှ မတ်လ ၂၂ ရက် အထိ ပိတ်ရက်မရှိ ကျင်းပသွားမယ်လို့ မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *