
မတ်လ ၂၄ ရက်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေထဲကနေ အမျိုးသမီးနဲ့ ကလေးငယ် ၂၇ ဦးကိုလွှတ်ပေးကာမတ်လ ၂၁ ရက်နေ့က မြန်မာစစ်ကောင်စီဖက်ကို ပြန်လွှဲပေးလိုက်တယ်လို့ India for Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
India for Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က “အခု စကစ ဆီကို လွှဲပေးလိုက်တဲ့သူတွေက အရင်ကတည်းက အိန္ဒိယနိုင်ငံဝင်လာပြီးမှ စကစ အာဏာသိမ်းမှုနောက်ပိုင်းမှ အဖမ်းခံရတဲ့သူတွေဆိုတော့ မြန်မာနိုင်ငံထဲပြန်ပို့ရင်လည်း သူတို့လုံခြုံရေးရဲ့ ပက်သက်ပြီး ထိခိုက်နိုင်ခြေမရှိဘူးလို့ အကြမ်းဖျင်းအားဖြင့် သိထားရတယ် စုစုပေါင်း ၂၇ ဦးပါ ၂၀ ဦးက အမျိုးသမီးတွေ ၇ ဦးက ကလေးငယ်တွေပေါ့ အကုန်လုံးကို စစ်ကောင်စီလက်ထဲပြန်လွှဲပေးတာဖြစ်တယ်”လို့ပြောပါတယ်။
အင်ဖာအကျဉ်းထောင်ကနေ အခုနဲ့ဆို တတိယအကြိမ် စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့တာဖြစ်ပြီး အခုပြန်လွှဲပေးလိုက်တဲ့ အမျိုးသမီးနဲ့ ကလေးငယ် ၂၇ ဦးဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ဗမာလူမျိုးတွေနဲ့ ချင်းလူမျိုးတွေဖြစ်ကြတယ်လို့လည်း သိထားရပါတယ်။
၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာဖြစ်နေတဲ့ တိုက်ပွဲပဋ္ဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာရွှေ့ပြောင်းတွေကို မဏိပူရ်ပြည်နယ် အစိုးရ အာဏာပိုင်တွေက နိုင်ငံခြားသား အထောက်ထားမဲ့ တရားမဝင် နေထိုင်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တာလည်းဖြစ်ပါတယ်။
မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်ထဲမှာ ဖမ်းဆီးအကျဉ်းကျခံနေရသူ မြန်မာနိုင်ငံသားတွေ လက်ရှိ ၁၂၀ ဦးဝန်းကျင် ကျန်ရှိနေသေးတာကြောင့် သူတို့ကိုလည်း အမြန်ဆုံးပြန်လွှတ်မြောက်လာနိုင်ဖို့အတွက် India for Myanmar အနေနဲ့လည်း ဆက်လက်ပြီး အိန္ဒိယအစိုးရဆီ တောင်းဆိုနေတယ်လို့လည်း သိထားရပါတယ်။