Headlines

မင်းတပ်မြို့မှာ မိုင်းပေါင်းစုံ ၂ ထောင်ကျော် ရှင်းထားနိုင်ပြီလို့ထုတ်ပြန်

မတ်လ ၇ ရက်။

စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ ထောင်ထားတဲ့ မိုင်းပေါင်းစုံ စုစုပေါင်း ၂ ထောင်ကျော် ရှင်းထားနိုင်ပြီလို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မင်းတပ်မြို့တွင်း ပြည်သူတွေ ဘေးကင်းစွာပြန်လည်ဝင်ရောက်နေထိုင်နိုင်ဖို့ မိုင်းပေါင်းစုံ စုစုပေါင်း ၂ ထောင် ထက်မနည်း ရှင်းထားပြီဖြစ်သော်လည်း ပြန်လည်ဝင်ရောက်နေထိုင်တဲ့ မိဘပြည်သူတွေအနေနဲ့ မိမိနေအိမ်၊ အဆောက်အအုံနဲ့ လမ်းဘေးပတ်ဝန်းကျင်တွေမှာ မသင်္ကံာဖွယ်ရာ မိုင်း၊ပေါက်ကွဲစေတက်တဲ့အရာတွေ တွေ့ရင် ထိတွေ့ကိုင်တွယ်ခြင်း မလုပ်ဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အလျင်အမြန် သတင်းပေးဖို့ကိုလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

မင်းတပ်မြို့သိမ်းပြီးနောက်ပိုင်း မိုင်းကြောင့် ဒေသခံပြည်သူ ထိခိုက်ဒဏ်ရာရတာမျိုး ၂ ကြိမ်လောက်ဖြစ်ခဲ့ပေမယ့် သေဆုံးတာ ကိုယ်လက်အင်္ဂါဆုံးရှုံးတာမျိုးအထိတော့ မရှိသလောက်ပဲလို့ CDF – Mindat ပြောရေးဆိုခွင့် ရှိသူ ကိုယောမာန်က Chin World Media ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်တုန်းကပြောထားပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် နို၀င်ဘာလ ၉ ရက်ကစတင်ပြီး CDF – Midat ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး မင်းတပ်မြို့တွင်းမှာ ပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ကိုလည်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့ ပြန်လည်ခွင့်ပြုလိုက်တဲ့အကြောင်းမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *