Headlines

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး ရွေးကောက်ပွဲလမ်းကြောင်း ရွေးဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

မတ်လ ၂၇ ရက်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF )တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်း ရွေးဖို့ ဒီကနေ့ မတ်လ ၂၇ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပတဲ့ နှစ် ၈၀ ပြည့်တပ်မတော်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းမှာထည့်သွင်းပြောကြားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လမ်းစဉ်တွေကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကိုထောက်ရှု့ပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက် အဖွဲ့အစည်းတွေ အကြမ်းဖက်သောင်းကြမ်းတဲ့ အဖွဲ့အစည်းတွေ PDF တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းတွေကနေ တဆင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်တယ် နိုင်ငံရေးနည်းလမ်းကို စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးေနွးခြင်းနဲ့သာ အဖြေရှာနိုင်မှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်းကြိုဆိုလမ်းဖွင့်ထားကြောင်း ထပ်မံအသိပေးပြောကြားလိုတယ်”လို့ပြောပါတယ်။

ဒီနှစ် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ် နဲ့ နောက်နှစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယအပတ်တွေမှာ ၁ လအချိန်ယူပြီး ပါတီစုံရွေးကောက်ပွဲပြုလုပ်ဖို့ မတ်လ ၂၅ ရက်နေ့မှာ နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တချို့ကတော့ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားဝင်ခြင်းမရှိသလို အသိမှတ်ပြုလက်ခံမှာ မဟုတ်ဘဲ ဆန့်ကျင်တိုက်ခိုက်သွားမယ်လို့ ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *