
ဖေဖော်ဝါရီလ ၇ ရက်။
ချင်းညီနောင်(CB) အဖွဲ့ဝင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ ( MTC/MDF) တပ်ဖွဲ့နဲ့ Chinland Council အဖွဲ့ဝင် ( CDF – Lautu) အကြားပဋိပက္ခဟာ ချင်းညီနောင် အဖွဲ့(CB) နဲ့ Chinland Council အကြား ဖြစ်နေတဲ့ ပဋိပက္ခလို့ပြောလို့မရပေမယ့် ၊ပြေလည်ဖို့ ၂ ဖက်စလုံးမှာတာဝန်ရှိကြောင်း လက်နက်နဲ့အင်အားသုံးဖြေရှင်းတာမျိုးမလုပ်ဖို့ကိုလည်း MDF စစ်ဦးစီးချုပ်ကို Chinland Council ဥက္ကဌက မေတ္တာရပ်ခံစာပေးပို့ခဲ့တယ်လို့ Chinland Council အတွင်းရေးမှူး ဆလိုင်းပေါလ်က ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျင်းပတဲ့ Chinland Council တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
CDF – Lautu တပ်ဖွဲ့ထိန်းချုပ်ပြီး တပ်စခန်းချထားတဲ့ မတူပီမြို့နယ်အတွင်းက ရွာမန်းကျေးရွာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစလို့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ ( MDF) တပ်ဖွဲ့က ထိုးစစ်ဆင်ခဲ့လို့ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ကာ ဇန်နဝါရီနောက်ဆုံးအပတ်အတွင်းမှာ CDF – Lautu ဘက်က ၄ ဦး ထိခိုက် ကျဆုံးခဲ့တယ်လို့ သိရပြီး နှစ်ဘက် အထိအခိုက် ကျဆုံး စာရင်းကိုတော့တိတိကျကျ မသိရသေးပါ။
၂ ဖက်တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ ရွာမန်းကျေးရွာဟာ မတူပီမြို့နယ်နဲ့ ထန်တလန်မြို့နယ်ကြားမှာ တည်ရှိပြီး လောက်တူ ချင်းလူမျိုးတွေ နေထိုင်ကာ CDF – Lautu ကထိန်းချုပ်ထားပြီး တပ်စခန်းချထားတဲ့ ကျေးရွာဖြစ်တယ်လို့လည်းသိရပါတယ်။
Chinland Council အတွင်းရေးမှူး ဆလိုင်းပေါလ်က “သူတို့ကြားထဲမှာ ကျနော်မမှားဘူးဆိုရင် ၂၀၂၂ ကတည်းက သူတို့ နယ်မြေပဋိပက္ခတွေဖြစ်လာကြတယ် နောက်ပိုင်းမှာ ဒီတင်းမာမှုတွေက သူတို့ကြားထဲမှာ ဖြေလျော့မှုတွေက မရှိကြဘူး တဖြည်းဖြည်းခြင်းနဲ့အခုက နယ်မြေကျူးကျော်တဲ့အပိုင်းတွေ ရောက်လာတဲ့ချိန်ကြတော့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်လာတယ်လို့ CDF ကျနော်တို့ CC ရဲ့အဖွဲ့ဝင်ဖြစ်ပါတယ် တဖက် MDF ဘက်ကလည်း CB အဖွဲ့ဝင်တစ်ခုဖြစ်တယ်ဆိုတော့ ကျနော်တို့မှာလည်း အပြည့်ဝတာဝန်ရှိတယ် အဲဒီမတိုင်ခင်မှာ CDF က MDF ဘက်ကို တရားဝင် စစ်မထိုးဖို့ပေါ့လေ စစ်ကြောင်းလာတာကို ရပ်တန့်ပေးဖို့ တရားဝင်စာပို့တာကို CC ဘက်ကိုလည်း မိတ္တူပေးတဲ့အတွက်ကြောင့် ကျနော်တို့လည်း လက်ခံရရှိတယ် ထပ််ပြီးတော့ တဆင့်ကျနော်တို့ CC ဘက်ကနေ MDF စစ်ဦးစီးချုပ်ကို လိပ်မူပြီးတော့မှ CC ဥက္ကဌကနေပြီးတော့ မေတ္တာရပ်ခံပေးပို့ထားတာကလည်း ကျနော်တို့ကအခု CC နဲ့ CB ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်တယ် ဒီကာလမှာ ကျနော်တို့အနေနဲ့ ဒီလိုမျိုးညှိနှိုင်းဆောင်ရွက်ဆဲနေထားမှာ မြေပြင်မှာပွတ်တိုက်မှု ရှိကောင်းရှိလိမ့်မယ် သို့သော်လည်းဘဲ ဒီကာလမှာတော့ အတတ်နိုင်ဆုံး လက်နက်နဲ့အင်အားသုံး ဖြေရှင်းတာမျိုးကို ရှောင်ရှားပေးဖို့ ကျနော်တို့လည်း ပြောတာဖြစ်တယ် CC ရယ် CB ရယ်ဆိုတဲ့ အထိုင်ကနေမကြည့်ဘဲနဲ့ ဘယ်နေရာမှာဘဲ ပဋိပက္ခဖြစ်နေပါစေ ကျနော်တို့က ဝိုင်းပြီးဖြေရှင်းဖို့အတွက်ကို ဒီလိုမျိုးဖြေရှင်းတဲ့အခါမှာလည်း ကျနော်တို့ အချင်းချင်းကြားထဲမှာ ဘယ်ပြည်သူလူထုကိုမဆို၊ ဘယ်အဖွဲ့အစည်းကိုမဆို ကြီးတာဖြစ်ဖြစ်၊ ငယ်တာဖြစ်ဖြစ် အသိမှတ်ပြုပြီးမှ ကျနော်တို့က ဖြေရှင်းဆောင်ရွက်ဖို့ကို လိုလားကြောင်းကျနော်တို့ စာပေးပို့ထားတာဖြစ်ပါတယ်” လို့ပြောပါတယ်။
Lau tu လောက်တူချင်းလူမျိုးတွေဟာ ထန်တလန်၊ မတူပီမြို့နယ်မှာ နေထိုင်ကြသလို မရာလူမျိုးတွေဟာလည်း မတူပီ၊ ထန်တလန်နဲ့ ပလက်ဝမြို့နယ်တွေမှာ နေထိုင်ကြတဲ့ လူမျိုးစုတွေဖြစ်ကြကာ တချို့ကျေးရွာတွေမှာ အတူတူယှဉ်တွဲနေထိုင်တဲ့ ကျေးရွာတွေလည်းရှိပြီး နွေဦးတော်လှန်ရေးအခင်းအကျင်းရောက်လို့ စစ်ကောင်စီကင်းစင်သွားတဲ့ချိန် ဒေသန္တရအုပ်ချုပ်ရေးဖော်ဆောင်ဖို့ ကြိုးစားလာချိန်မှာ နယ်မြေပဠိပက္ခတွေ ဖြစ်လာခြင်းဖြစ်တယ်လို့ Chinalnd Council ဆလိုင်းပေါလ်ကပြောပါတယ်။
မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ ( MDF) တပ်ဖွဲ့နဲ့ CDF – Lautu အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်တဲ့အထိ နှစ်ဘက်တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့လို့ အရပ်သားအဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့သလို ဒေသခံရွာသူ/သားတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။