Headlines

အာဏာသိမ်းပြီး ၄ နှစ်အတွင်း စစ်ကောင်စီတပ်တိုက်ခိုက်ပစ်ခတ်မှုများ ကြောင့် ချင်းပြည်နယ်မှာ ၉၆၅ ဦး သေဆုံး ကြောင်း ICA ထုတ်ပြန်

ဖေဖော်ဝါရီလ ၁ရက်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်အတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်ပစ်ခတ်မှုကြောင့် လူပေါင်း ၉၆၅ ဦး သေဆုံးခဲ့ရကာ ၊သေဆုံးတဲ့အထဲမှာ အရပ်သား ၄၉၁ ဦး၊ ချင်းခုခံတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၄ ဦးတို့ပါဝင်ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဒီကနေ့ ဖေဖော်ဝါရီလ ၁ရက်မှာ အာဏာသိမ်းယူပြီး ၄နှစ်အတွင်း ချင်းလူမျိုးများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများမှတ်တမ်းကို ထုတ်ပြန်ထားပါတယ်။

ကျဆုံးခဲ့တဲ့ ချင်းခုခံတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၄ ဦးထဲမှာ အမျိုးသား ၄၆၅ ဦးနဲ့ အမျိုးသမီး ၉ ဦးပါဝင်တယ်လို့ ICA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တောင်ယာလုပ်ငန်း အဓိကလုပ်ကိုင်ကြသော ချင်းလူမျိုးများသည် တောင်ယာသွားရာ လမ်းကြောင်းများတွင်ထောင်ထားသော မြေမြုပ်မိုင်းများကို နင်းမိသောကြောင့် ၄ နှစ်အတွင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၇၇ ဦး နဲ့ ဒဏ်ရာရရှိသူ ၁၀၅ ဦး အထိစာရင်း ကောက်နိုင်ခဲ့ ကြောင်း ICA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ ၄ နှစ်အတွင်း ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၄၁ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၁,၀၆၁ ကျော်ကို အသုံးပြုခဲ့ကြောင်း၊စစ်ကောင်စီတပ်ရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ၄ နှစ်တွင်း လူပေါင်း၂၄၉ ဦး သေဆုံးခဲ့ရပြီး ၄၂၄ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း ၊လူနေအိမ်နဲ့ အဆောက်အဦး ၁,၂၈၀ ကျော်၊ အစိုးရအဆောက်အဦး ၃၈ လုံးနဲ့ ဘာသာရေးအဆောက်အဦး ၃၉ လုံး ပျက်စီးခဲ့ ကြောင်း ICA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီ၏ မီးတင်ရှို့ဖျက်ဆီးမှုများနှင့် ပစ်ခတ်ဖျက်ဆီးခြင်းများကြောင့် ၄နှစ်တာ ကာလအတွင်း ချင်းပြည်နယ်မှာ လူနေအိမ်အဆောက်အဦး ၃,၄၇၉လုံးကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ICA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ချင်းပြည်နယ်ရှိ လူဦးရေမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ ၅သိန်းနီးပါးရှိသည်ဟုသိရပြီး အိန္ဒိယ နိုင်ငံသို့ စစ်ဘေးတိမ်းရှောင်လာသူမှာ ၆၅,၀၀၀ ကျော်နှင့် ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၁၃၀,၀၀၀ ခန့်ရှိကြောင်း ICA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *