
ဖေဖော်ဝါရီလ ၆ ရက်။
အမေရိကန်နိုင်ငံမှာ ရောက်ရှိနေပြီး အကြောင်းကြောင်းကြောင့် အထောက်အထားမဲ့ဖြစ်သွားတဲ့မြန်မာတွေအနေနဲ့ အထောက်အထားမဲ့ နိုင်ငံခြားသား နေရပ်ရွှေ့ပြောင်းသူအဖြစ် သတ်မှတ်ခံရပြီး ပြည်နှင်ခံရနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ မြန်မာသံရုံးက ဖေဖော်ဝါရီ ၅ ရက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။
အမေရိကန်နိုင်ငံမှာ ရောက်ရှိနေပြီးနေထိုင်ခွင့် အထောက်အထားမဲ့ ဒါမှမဟုတ် တရားမဝင်ရောက်နေသူဖြစ်တယ်ဆိုရင် ပြည်နှင်ချိန်မှ ထွက်ခွာတာထက် ကြိုတင် ထွက်ခွာဖို့၊ အထောက်အထားမဲ့နေတယ်ဆိုလည်း ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားနိုင်တယ်လို့ မြန်မာသံရုံးကထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ဟာ ပြည်တွင်းမှာ တရားမဝင်နေထိုင်သူတွေအရေးဖြေရှင်းတာနဲ့ တရားမဝင်နေထိုင်သူတွေကို သက်နိုင်ရာနိုင်ငံတွေကို ပြန်ပို့တာတွေလုပ်နေချိန်မှာပဲ ဝါရှင်တန်မှာရှိတဲ့မြန်မာသံရုံးက အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ UNHRC ခေါ် United Nations Human Rights Council (ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ) က နှုတ်ထွက်ဖို့ လက်မှတ်ရေးထိုးလိုက်ပါတယ်။
အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာန (ICE) မှ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ ပြည်တော်ပြန်ပို့ခံရမည့်သူ အမေရိကန်မှ ပြန်ပို့ခံရမည့် အထောက်ထားမဲ့ ၁.၄ သန်းကျော်စာရင်းထဲမှာ အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၆၇၉ဦး ပါဝင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၄ နှစ်မှာမြန်မာနိုင်ငံသား တစ်ဦးသာ မြန်မာပြည် ပြန်ပို့ခံခဲ့ရပါတယ်။
ဒီအတောအတွင်းမှာပဲ အိန္ဒိယ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၁၀၄ ဦးကို အမေရိကန်က စစ်လေယာဉ်နဲ့ အိန္ဒိယနိုင်ငံကို ဖေဖော်ဝါရီလ ၅ ရက်မှာ ပြန်ပို့ထားပါတယ်။
