Headlines

လူမျိုးစွဲ၊ဒေသစွဲ၊အစုအဖွဲ့စွဲ၊ပါတီစွဲ ကင်းကင်းနဲ့ တော်လှန်ရေးအင်အားစုတွေကြား ယုံကြည်မှုတည်ဆောက်ကာ အတူတကွ တိုက်ပွဲဝင်ကြဖို့ CNF ထုတ်ပြန်

ဖေဖော်ဝါရီလ ၂၀ ရက်။

လက်ရှိချင်းပြည်(Chinland)၏ စစ်ရေး၊ နိုင်ငံရေး ပကတိအနေအထားကို အလေးဂရုပြုပြီး လူမျိုးစွဲ၊ ဒေသစွဲ၊ အစုအဖွဲ့စွဲ၊ ပါတီစွဲ ကင်းကင်းဖြင့် အဓိကနဲ့ သာမည ခွဲခြမ်းစိတ်ဖြာပြီး တော်လှန်ရေးအင်အားစုတွေကြား ခိုင်မာတဲ့ ယုံကြည်မှုတည်ဆောက်ကာ အတူတကွ တိုက်ပွဲဝင်သွားကြရန် ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ကတိုက်တွန်းနှိုးဆော်ထားပါတယ်။

အတိတ်ကာလက ဖြတ်သန်းခံစားခဲ့ကြရတဲ့ နိုင်ငံရေးဆုံးရှုံးမှုတွေကို သင်ခန်းစာယူလျက် ပိုမိုခါးသီးတဲ့ အာဏာရှင်စနစ် ဆိုးမွေတွေကို အနာဂါတ်မျိုးဆက်တွေ ပြန်လည်မခံစားစေဖို့ အရေးသည် မိမိတို့ပခုံးပေါ်ကျရောက်လာနေပြီဖြစ်သည်နဲ့အညီ ချင်းပြည်နယ်အတွင်း လက်ရှိ နိုင်ငံရေး၊ စစ်ရေးကို အလေးဂရုပြုပြီး လူမျိုး၊ဒေသ၊ပါတီ အစွဲကင်းကင်းနဲ့ အတူတကွ တိုက်ပွဲဝင်သွားကြရန်နဲ့ ဒီကနေ့ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် ချင်းအမျိုးသားနေ့အား အမျိုးသားနိုင်ငံရေးအနှစ်သာရရှိစွာ ကျင်းပကြရန် တိုက်တွန်းနှိုးဆော်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ချင်းအမျိုးသားရေရှည် ရပ်တည်ရေးအတွက် အမျိုးသားယဉ်ကျေးမှုဂုဏ်အင်္ဂါလက္ခဏာ ထိန်းသိမ်းဖို့ (၇၇) နှစ်ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို အမျိုးသားနိုင်ငံရေး အနှစ်သာရရှိရှိ ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်းလိုပါတယ်” လို့ပြောပါတယ်။

ပြည်သူ့တော်လှန်ရေး (၄) နှစ်အတွင်း စစ်ရေး၊ နိုင်ငံရေး အထွေထွေအကြပ်အတည်း တွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက မသမာတဲ့ နိုင်ငံရေးလှည့်ကွက်၊ စစ်ရေးအကြမ်းဖက်တွေအပေါ် မိမိတို့အနေနဲ့ စစ်ရေး၊ နိုင်ငံရေးသတိ ရှင်ရှင်ထားပြီး ချင်းပြည် (Chinland) အတွင်း စစ်ကောင်စီကင်းစင်ရေးမှသည် ပြည်ထောင်စုတစ်ဝှမ်းလုံး စစ်ကောင်စီအမြစ်ပြတ်ချေမှုန်းရေးအတွက် ဘဝတူမိတ်ဖက်တော်လှန်ရေး အင်အားစုတွေနဲ့ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့လည်း ချင်းအမျိုးသားတပ်ဦး (CNF/CNA) က ထုတ်ပြန်ထားပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF/CNA) အနေနဲ့ ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) အရ ဖွဲ့စည်းထားတဲ့ ချင်းလဲန်းကောင်စီ၊ ချင်းလဲန်းအစိုးရ၊ ချင်းလဲန်းလွှတ်တော်နဲ့ တရားလွှတ်တော်ပိုမိုအားကောင်းခိုင်မာရေးနဲ့ ၁၉၄၇ ပင်လုံကို အခြေခံပြီး ထူထောင်ခဲ့တဲ့ ပြည်ထောင်စုကြီး မပြိုကွဲရေးနဲ့ နိုင်ငံရေး တန်းတူညီမျှမှုရှိသော အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပြန်လည်တည်ဆောက်နိုင်ရေးအတွက် စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီစွာတည်ဆောက်ထားပြီး ဦးတည်ချက်တူ ညီနောင် လက်နက်ကိုင်တွေနဲ့ တခြားမိတ်ဖက်တွေနဲ့လက်တွဲပြီး အဆုံးထိတိုက်ပွဲဝင်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ရေးအတွက် ဆင်နွှဲနေတဲ့ ပြည်သူ့တော်လှန်ရေးကို အမျိုးသားရေးအောင်ပွဲအဖြစ် ခံယူတိုက်ပွဲဝင်ယင်း အသက်ပေးလှူသွားတဲ့ သူရဲကောင်းအာဇာနည်တွေကို ဦးညွှတ် ဂါရဝပြုကြောင်း ကိုယ်လက်အင်္ဂါ တစိတ်တပိုင်း ပေးလှူသွားကြတဲ့ ရဲဘော်တွေကို ထပ်တူထပ်မျှခံစား စာနာကြောင်း ဒီလိုနေ့ထူးအခါသမယမှာ အလေးနက်ဖော်ပြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *