Headlines

အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ချင်းပြည်နယ်ကို မူလအခြေအနေပြန်ရောက်အောင် အကုန်အကျများစွာနဲ့ အချိန်ယူတည်ဆောက်ကြရမှာဖြစ်ကြောင်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကပြော

ဖေဖော်ဝါရီလ ၂၀ ရက်။

နိုင်ငံတော်နှင့် ပြည်သူတို့အပေါ် သဘောထားမမှန်ကန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့မှ ဖြစ်ပေါ်လာသော မတည်ငြိမ်မှုကိုအခွင့်ကောင်းယူ၍ တည်ငြိမ်အေးချမ်းနေသောဒေသများကို အကြမ်းဖက်တိုက် ခိုက်ဖျက်ဆီးခဲ့ကြသဖြင့် ချင်းပြည်နယ်အပါအဝင် ဒေသအသီးသီး၌ အပြစ်မဲ့ပြည်သူများရဲ့ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများသာမက ပြည်သူပိုင်အဆောက်အဦများစွာပျက်စီးဆုံးရှုံးကာ မူလအခြေအနေပြန်ရောက်အောင် အကုန်အကျများစွာနဲ့ အချိန်ယူတည်ဆောက်ကြရမှာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာကျရောက်တဲ့ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကိုသဝဏ်လွှာပေးပို့ရာမှာပြောပါတယ်။

” လက်နက်ကိုင်အကြမ်းဖက်မှုတွေရဲ့ဆိုးကျိုးကို လက်တွေ့ခံစားနေရတာက ဒေသခံတိုင်းရင်းသားပြည်သူတွေဘဲဖြစ်ပါတယ်။ ထိခိုက်ဆုံးရှုံးမှုမှန်သမျှဟာလည်း နိုင်ငံတော်ရဲ့ အရင်းအမြစ်နဲ့ အခြေခံအဆောက်အဦတွေဘဲဖြစ်ပါတယ်။ တိုးတက်ဖွံ့ဖြိုးမှုအရှိန်အဟုန်ရရှိနေတဲ့အခြေအနေမှာ အခုလို မဆင်မခြင်လုပ်ရပ်တွေကြောင့် ပျက်စီးဆုံးရှုံးရခြင်းဟာ နိုင်ငံရဲ့အင်အားကိုလျော့ပါးစေပြီး မူလအခြေအနေပြန်ရောက်အောင် အကုန်အကျများစွာနဲ့ အချိန်ယူတည်ဆောက်ကြရမှာဖြစ်ပါတယ်။ နစက အနေနဲ့ဖြစ်ပွားနေတဲ့ လက် နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းဖို့ NCA ပါသ ဘောတူညီချက်တွေအတိုင်း ဦးတည်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ”လို့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။

ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှမ်း၌ နိုင်ငံ တော်ကိုပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာရှိနေခြင်းမှာ နိုင်ငံတော်အတွက်အလွန်အန္တရာယ်ကြီးမားလှကြောင်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောပါတယ်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက်အရေးပါ၍ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူလက်တွဲကြိုးပမ်းဖော်ဆောင်ကြရန်လည်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာကျရောက်တဲ့ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကိုသဝဏ်လွှာပေးပို့ရာမှာတိုက်တွန်းပြောကြားပါတယ်။

ချင်းပြည်နယ်မှာ လက်ရှိမှာ ဟားခါးနှင့် တီးတိန်မြို့ပေါ်နေရာများမှာသာ စစ်ကောင်စီက နယ်မြေစိုးမိုးထားနိုင်ပြီး ကျန်ဒေသအားလုံးကို ချင်းတော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

“အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတမှု အပြည့်ရှိသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်” လို့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲအကြောင်းထည့်သွင်းပြောကြားပါတယ်။

ထို့ကြောင့် ပြည်ထောင်စုဖွားတိုင်းရင်းသားညီ အစ်ကိုမောင်နှမများကြား နှစ်ထောင်ပေါင်းများစွာဖြစ်တည်လာခဲ့သည့် သံယောဇဉ်တရားနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီးလျက်ရှိသည့် ပြည်တွင်းပြည်ပအဖျက်အင်အားစုတို့၏ အချင်းချင်းမုန်းတီးစေရန် သွေးခွဲရန်တိုက်ပေးမှုများ၊ ကျဉ်းမြောင်းသော လူမျိုးရေးအယူဝါဒသွတ်သွင်းနေမှုများကို အထူးသတိပြုကာကွယ်ကြရန်လိုအပ်သည်ကြောင်း၊ထို့ကြောင့် နိုင်ငံနှင့် ပြည်သူအတွက် ဆိုးကျိုးများကိုဖြစ်ပေါ်စေသည့် ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများပပျောက်ပြီး တည်ငြိမ်အေးချမ်းမှုရရှိစေရန် ချင်းတိုင်းရင်းသားများအပါအဝင် တိုင်း ရင်းသားပြည်သူများအားလုံးပူးပေါင်းပါဝင်ကြရန် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှတိုက်တွန်းပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *