Headlines

မောင်တောမြို့နယ်မှာ AA ထံ စစ်သင်တန်းတက်ရောက်ပြီး ကိုယ့်ရပ်ရွာကို ကာကွယ်မယ်လို့ ကလေးအများပြားပါဝင်တဲ့ မြိုလူမျိုး ၇၅ ဦး ဆန္ဒဖော်ထုတ်

ဖေဖော်ဝါရီလ ၂၄ရက်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကပ်ရပ်တည်ရှိတဲ့ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ အာရက္ခတပ်တော် (AA) ထံ စစ်သင်တန်း တက်ရောက်ပြီး ကိုယ့်ရပ်ရွာကာကွယ်မယ်လို့ ကျေးရွာ ၄ ရွာမှ ကလေးအများအပြားပါဝင်တဲ့ မြိုလူမျိုး ၇၅ ဦး ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသခံတွေက သိရပါတယ်။

မနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းက ဒုံးညို၊ ရွှေတိုင်၊ ဘောင်း၊ ကြောင်နဖေ စသည့်မြိုကျေးရွာ ၄ရွာမှ ကလေးအများပြားပါဝင်တဲ့ မြိုလူမျိုးတွေဟာ AA အလံ ကိုင်ဆောင်ကာ ကြွေးကြော်သံတွေအနဲ့အတူ ဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ်။

“မနေ့က အနီးအနားမှာရှိတဲ့ မြိုရွာ ၄ ရွာက လူတွေနဲ့ ဆန္ဒဖော်ထုတ်ကြတာပါ။ အဓိက ဆန္ဒဖော်ထုတ်ကတော့ AA ဆီမှာ စစ်သင်တန်းတက်မယ်။ ကိုယ့်ရပ်ရွာကို ကာကွယ်မယ်ဆိုတာပါ။ လူကြီးတွေက အလုပ်တွေ မအားကြတဲ့အတွက် ရွာထဲမှာရှိတဲ့ ကလေးတွေခေါ်ပြီး ဆန္ဒဖော်ထုတ်ဖြစ်တယ်။”လို့ ဆန္ဒဖော်ထုတ်ရာမှာပါဝင်တဲ့ မြိုအမျိုးသားတစ်ဦးက Chin World Media ကို ပြောပါတယ်။

ဆန္ဒဖော်ထုတ်ရာမှာ”အာရက္ခတိုင်းပြည်ဟာ ငါတို့ပြည်၊ အာရက္ခတိုင်းပြည်ကို ငါတို့ပါဝင်တည်ဆောက်မယ်၊ အာရက္ခပြည်ကို ငါတို့ ကာကွယ်မယ်”စတဲ့ ကြွေးကြော်သံတွေကိုလည်း ပြိုင်တူရွတ်ဆိုပြီး ချီတက် ဆန္ဒဖော်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီ ဆန္ဒဖော်ထုတ်ကြတဲ့ မြိုကျေးရွာ ၄ ရွာကလည်း ပြီးခဲ့တဲ့ လတွေက AA ပေးတဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဥ် (၁) နဲ့ အပတ်စဥ် (၂) မှာသင်တန်းတက်ရောက်ပြီးသားတွေဖြစ်ပြီး အခုအခါ ကိုယ်ရပ်ရွာတွေကို ကာကွယ်စောင့်ရှောက်နေပြီဖြစ်တယ်လို့ ၎င်းက Chin World ကို ဆက်ပြောပါတယ်။

AA တပ်ဖွဲ့ထံ မြိုလူငယ်တချို့ဟာ အရင်ကတည်းက မိမိဆန္ဒသဘောအတိုင်း တာဝန်ထမ်းဆောင်သူတွေရှိသလို မြိုလူမျိုးတွေကလည်း ရခိုင်လူမျိုးနည်းတူ AA ကို ဆပ်ကြေးတွေ ပေးဆောင်နေကြပြီး AA နဲ့အတူ ကိုယ်ရပ်ရွာကို စောင့်ရှောက်လိုစိတ်ရှိတယ်လို့ မြိုတက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ AA ကို မမုန်းပါဘူး။ AA ကို မမုန်းလို့ မြိုလူငယ်တချို့ AA ဆီမှာ တာဝန်ထမ်းဆောင်တာရှိတယ်။ ပြီးတော့ ရခိုင်လူမျိုးတွေ AA ကို ဆပ်ကြေးပေးရသလို့ ကျွန်တော်တို့လည်း မရှိတဲ့ကြားကနေ မငြင်းငြိုဘဲ AA ကို ဆပ်ကြေးတွေပေးတယ်။ ကျွန်တော်တို့ မကြိုက်တာက AA ထဲ အတင်းအဓမ္မ ဝင်ခိုင်းတာ၊ စစ်သင်တန်းတက်ခိုင်းတာတွေ မကြိုက်ဘူး။ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တာ မလိုချင်ဘူး။ အဲဒါကို တချို့ရခိုင်တွေက AA ကို မုန်းနေကြတယ်။ တိုက်ခိုက်နေကြတယ်။ အဲလိုအခြေအနေမျိုးမှာ တကယ်စိတ်မကောင်းဘူး။”လို့ မြိုတက္ကသိုလ်ကျောင်းသားတစ်ဦးက Chin World ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ရက်နေ့က မောင်တောမြို့နယ်၊ ခုံတိုင်ကျေးရွာက ကိုယ်ဝန်ဆောင်အမျိုးသမီး၊ အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် မြိုလူမျိုး အယောက် ၂၀ ခန့်ကို အေအေက စစ်မှုထမ်းဖို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

မောင်တောမြို့နယ်မှာ မြိုကျေးရွာပေါင်း ၂၀ ကျော်ရှိပြီး မြိုလူမျိုး ၅,၀၀၀ ကျော်နေထိုင်ကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *