Headlines

မီဇိုရမ်ပြည်မှာ ကျင်းပမယ့် ချင်းအမျိုးသားနေ့မှာ မီဇိုရမ်ဝန်ကြီးချုပ်၊Chinland Council နဲ့ ချင်းညီနောင်အဖွဲ့တို့ကို ဖိတ်ကြားထားကြောင်းသိရ

ဖေဖော်ဝါရီလ ၁၉ ရက်။

ချင်းအရပ်ဖက်အဖွဲ့အစည်း (Chin Pawlpi)က ဦးဆောင်ပြီးတော့ မနက်ဖြန်ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီခွဲမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့က Dawrpui Multipurpose Centreမှာ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ကျင်းပမှာဖြစ်ပြီး အဆိုပါအခမ်းအနားမှာ မီဇိုရမ်ဝန်ကြီးချုပ်၊Chinland Council နဲ့ ချင်းညီနောင်အဖွဲ့ကိုလည်း ဖိတ်ကြားထားတယ်လို့ အခမ်းအနားစီစဉ်သူတွေဆီကသိရပါတယ်။

မနက်ဖြန်ကျင်းပမယ့် ချင်းအမျိုးသားနေ့ အခမ်းအနားမှာ မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့၊ချင်းညီနောင်အဖွဲ့ရဲ့ အလှည့်ကျ သဘာပတိ ၁ ဦးနဲ့Chinland Council က ဦးဆောင်သူ၁ဦး တို့အမှာစကားပြောကြားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ဒုဥက္ကဌ (၁) ဆလိုင်းပီတာထန်းက “Chin Pawlpi လို့ခေါ်တဲ့ ချင်းအရပ်ဖက်အဖွဲ့အစည်းက ဦးဆောင်တဲ့ အခမ်းအနားပါ CB ဖက်ကိုလည်း ဖိတ်လာလို့ပါ ကြားရသလောက်က CC ဖက်ကိုလည်း ဖိတ်ထားတယ်။ ဒီအခမ်းအနားမှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ပါဝင်နိုင်ဖို့တော့ မသေချာဘူး ဘာလို့လဲဆိုရင် အဲဒီနေ့က မီဇိုရမ်ရဲ့ ပြည်နယ်နေ့ဖြစ်နေတာဆိုတော့” လို့ပြောပါတယ်။

မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ကျင်းပမယ့် (၇၇) ကြိမ်မြောက် ချင်းအမျိုးသားနေ့အတွက် မီဇိုရမ်ဝန်ကြီးချုပ်ကိုဖိတ်ကြားထားပေမယ့် မီဇိုရမ်ပြည်နယ်နေ့နဲ့ တိုက်ဆိုင်နေတာကြောင့် ဝန်ကြီးချုပ်ရုံးကနေ ဝန်ကြီးတစ်ဦးဦးတော့ တက်ရောက်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်က ချင်းစစ်ဘေးရှောင်လူဦးရေ ၅ သောင်းကျော် ထွက်ပြေးခိုလှုံနေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ချင်းအမျိုးသားနေ့ကို နှစ်တိုင်းလိုလို ကျင်းပလာခဲ့ကြပြီး မနှစ်ကအခမ်းအနားမှာလည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က ရုပ်သံကနေအမှာစကားပြောကြားပေးခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *