Headlines

မီဇိုရမ်ပြည်နယ်မှာ ပြည်ပကနေရောက်ရှိလာသူများ တရားဝင်အလုပ်လုပ်ခွင့်ရရှိရေး ဥပဒေကြမ်း မီဇိုရမ်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးမယ်

မြန်မာပြည်ဖက်က စစ်ဘေးရှောင် လူသောင်းချီကိုလက်ခံထားတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အနေနဲ့ မကြာခင်ကျင်းပမယ့် မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြည်ပကနေရောက်ရှိလာသူတွေအပါအဝင် ဒေသခံလူငယ်များအတွက် တရားဝင်အလုပ်လုပ်ခွင့်ရရေး ဥပဒေမူကြမ်းကို ဆွေးနွေးမယ်လို့ဖေဖော်ဝါရီ (၁၆) ရက်နေ့မှာ မီဇိုရမ်ပြည်နယ်လွှတ်တော်ရုံးကထုတ်ပြန်ပါတယ်။

လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး အစည်းအဝေးအတွင်း ပြည်ပကနေလာရောက်နေထိုင်ပြီး မီဇိုရမ်ပြည်နယ်အတွင်း လုပ်ငန်းလုပ်ကိုင်လိုသူများအတွက် သီးသန့်နေရာချထားပေးရေးကိစ္စများကိုလည်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ India Today ကဖော်ပြပါတယ်။

အဆိုပြုထားတဲ့ ဥပဒေကြမ်းမှာ ပုဂ္ဂလိက အလုပ်ခန့်ထားရေး၊ အိမ်အကူအမျိုးသမီးအလုပ်သမားများကိစ္စ၊ နိုင်ငံပြင်ပကနေတရားဝင်လမ်းကြောင်းကတစ်ဆင့် အလုပ်သမားအရေးဆောင်ရွက်ပေးမယ့်အေဂျင်စီများကို ဥပဒေကြောင်းအရ လုံခြုံစိတ်ချရတဲ့ လမ်းညွှန်ချက်နဲ့ လိုင်စင်ထုတ်ပေးရေး ကိစ္စများပါဝင်မယ်လို့သိရပါတယ်။

အခုလိုအလုပ်သမားများတရားဝင်လက်ခံရေးကိစ္စဟာ ယခင်နှစ်များက ပြည်နယ်တွင်းကလူငယ်များ ဆီးရီးယား၊ UAE နဲ့ အခြားပင်လယ်ကွေ့နိုင်ငံများမှာ လုပ်ငန်းလုပ်ကိုင်ရာမှာ အခက်အခဲများစွာရှိခဲ့ပြီး အထူးသဖြင့် ဥပဒေကြောင်းအရ အခက်အခဲများကြုံတွေ့နေကြရတာကြောင့် ပြည်နယ်အစိုးရ၊ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနဲ့ ပရဟိတလုပ်ငန်းလုပ်ဆောင်တဲ့ အဖွဲ့အစည်းများရဲ့ တိုက်တွန်းချက်ကြောင့် အခုလိုဥပဒေကြမ်းရေးဆွဲပြီး လာမယ့်လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးဖို့ဆုံးဖြတ်ချက်တာဖြစ်ပါတယ်။

အစည်းအဝေးမှာ ပြည်နယ်အစိုးရသစ်ဝန်ကြီးချုပ် Lalduhoma ရဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွင်း အသုံးပြုမယ့် ဘတ်ဂျက်ငွေကိစ္စများကိုလည်းဆွေးနွေးသွားမှာဖြစ်ပါတယ်။ လွှတ်တော်အစည်းအဝေးကို မတ်လ (၂၀) အထိကျင်းပသွားမှာဖြစ်ပြီး အစိုးရအဖွဲ့ဝန်ကြီးတွေဖြေကြားရမယ့် ကြယ်ပွင့်ပြမေးခွန်း ၇၄၀ နဲ့ ကြယ်ပွင့်မပြမေးခွန်း ၈၈ ခုဖြေကြားဆွေးနွေးဖို့ လွှတ်တော်ရုံးကမေးခွန်းအများအပြားလက်ခံရရှိထားတယ်လို့ သိရပါတယ်။

Ref: India Today

Leave a Reply

Your email address will not be published. Required fields are marked *