
မသန်စွမ်းအရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ၂၀၁၄ သန်းခေါင်စာရင်း အရ ၇.၄ ရာခိုင်နှုန်းနဲ့ ဧရာဝတီတိုင်းဒေသကြီးပြီးရင် ချင်းပြည်နယ်ဟာ ဒုတိယအများဆုံးဖြစ်ပါတယ်။၂၀၂၀ ခုနှစ်က ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲ ပေးခွင့်ရှိတဲ့ မသန်စွမ်းမဲဆန္ဒရှင် (၃၀၃၁) ဦးရှိခဲ့တယ်လို့သိရပါတယ်။ ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက် ချင်းပြည်နယ်မှာ ပြည်တွင်းပဋိ ပက္ခကြောင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုကပိုများလာပေမယ့် စာရင်းအတိအကျ ကောက်ခံဖို့ခက်ခဲနေသေးတယ်လို့ မသန်စွမ်းအရေးဆောင်ရွက်တဲ့အဖွဲ့တွေဆီကသိရပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း နေရာအနှံ့တိုက်ပွဲတွေဖြစ်တဲ့အနေအထားမှာ မသန်စွမ်းတွေရဲ့ အခက်အခဲ၊ အခြေအနေတွေနဲ့ပတ်သက်ပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသဖက်မှာ မသန်စွမ်းအရေးကို ဆယ်စုနှစ်ဝန်းကျင်ဆောင်ရွက်လာခဲ့တဲ့ ဆရာရိုဒါ ကိုမေးမြန်းထားပါတယ်။
မေး။ ။ အရင်ဆုံး စစ်ကောင်စီအာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ဆရာတို့သိသလောက် မသန်စွမ်းတွေရဲ့အခက်အခဲ နဲ့ မသန်စွမ်းအရေးဆောင်ရွက်မှုတွေမှာ ဘယ်လိုစိန်ခေါ်မှု တွေကြုံရလဲဆိုတာအရင်ဆုံးပြောပြပေးပါ။
ဖြေ။ ။ စစ်ဘေးဒဏ်သင့်လာတဲ့သူတွေအရမ်းများလာတယ်။ လမ်းပန်းဆက်သွယ်ရေးလည်းပိုခက်ခဲလာတယ်။ အဲလိုဖြစ်လာတဲ့အနေအထားမှာ ချင်းပြည်မှာဆိုရင် မသန်စွမ်းတွေဆိုရင်ပိုပြီး အခက်အခဲကြုံရတယ်။ ဒါကြောင့် မသန်စွမ်းတွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနိုင်ဖို့လည်း အရမ်းခက်ခဲတယ်။ ပြီးတော့ ကုန်စည်စီးဆင်းမှုလည်းအရမ်းခက်ခဲလာတဲ့ကြားက အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေကိုခဏခဏပိတ်တာဆိုတော့ မသန်စွမ်းတွေကို ကူညီနိုင်ဖို့၊ ဆက်သွယ်နိုင်ဖို့ အရမ်းခက်ခဲသွားတယ်။ သွားပြီးကူညီဖို့ဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေးအခြေအနေအရအဆင်မပြေဘူး။ Kpay, Wave Money တို့နဲ့ပို့မယ်ဆိုရင်လည်း ဖုန်းလိုင်းကမရှိပြန်ဘူး။ ပံ့ပိုးပေးခဲ့တာကိုတောင်မှ မထုတ်နိုင်ကြဘူး။ ငွေလွှဲနဲ့ပို့တဲ့ဟာကို ရာခိုင်နှုန်းဖြတ်တာလည်းများတဲ့အနေအထားမှာရှိတယ်။ ဂျိုင်းထောင့်နဲ့ wheel chair လိုအပ်တဲ့သူတွေဆိုရင် အရမ်းများတယ်။ ချင်းပြည်ကနေ ဘယ်မှာဝယ်ရမှာလဲ။ ဘယ်လိုပို့ရမှာလဲဆိုတဲ့နေရာမှာ အခက်အခဲအများကြီးရှိတယ်။ မြို့ပေါ်တွေမှာ စစ်ပွဲဖြစ်လာတော့ ရွာတွေဖက်ကို စစ်ဘေးရှောင်ကြတယ်။ အဲဒီတော့ ကျွန်တော်တို့နဲ့ ဒီနေ့ဆက်သွယ်လို့ရတဲ့ မသန်စွမ်းတွေဆိုရင်တောင် နောက်နေ့ဆက်သွယ်လို့မရတော့ဘူး။ ဘာလို့လဲဆိုတော့ နောက်နေ့အဲဒီနေရာမှာမရှိတော့ဘူး။ မသိတဲ့ရွာတွေ၊ နေရာတွေကို ရောက်နေပြီ။ ပြီးတော့ ချင်းပြည်နယ်မှာ မသန်စွမ်းသူတွေကို ပံ့ပိုးတဲ့ရန်ပုံငွေလည်းအရမ်းနည်းနေတယ်။ မရှိသလောက်ဖြစ်နေတယ်။
မေး။ ။ အရင်ကဆိုရင်ကော ချင်းပြည်နဲ့ စစ်ကိုင်းဖက်နေရာအချို့မှာ မသန်စွမ်းတွေအတွက် ဘယ်လိုမျိုး ကူညီပံ့ပိုးပေးတာမျိုးဆရာတို့အနေနဲ့ ဆောင်ရွက်ခဲ့သလဲ။
ဖြေ။ ။ အဓိကတော့ မသန်စွမ်းတွေအတွက် စွမ်းရည်မြှင့်သင်တန်းလုပ်ပေးတာတွေ၊ သူတို့ဝါသနာပါတဲ့ အားကစားပစ္စည်းထောက်ပံ့ပေးတာ၊ သူတို့ရဲ့မသန်စွမ်းမှုအပေါ်မူတည်ပြီး လိုအပ်တဲ့ အထောက်အကူပစ္စည်းပံ့ပိုးပေးတာ၊ ကျောင်းတက်တဲ့မသန်စွမ်းတွေဆိုရင် ကျောင်းစရိတ်၊ ဝတ်စုံစရိတ်ထောက်ပံ့ပေးတာ နဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကိုသင်ကြားပေးတာဖြစ်ဖြစ်၊ ကလေးတွေဆိုရင် နေ့ကျောင်းဖွင့်ပြီးစောင့်ရှောက်မှုပေးတာမျိုးတွေလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
မေး။ ။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာ ကဏ္ဍပေါင်းစုံကနေ မသန်စွမ်းအရေးဆောင်ရွက်ပေးမှုနဲ့ပတ်သက်တဲ့ဟာ သိပ်မကြားရဘူး။ အဓိကဘာလိုအပ်နေတာလဲခင်ဗျ။
ဖြေ။ ။ ကျွန်တော်တို့ချင်းပြည်နယ်မှာရှိတဲ့ State Holder ဖြစ်ဖြစ်၊ ချင်းပြည်နယ်မှာမရှိတဲ့ State Holder ဘယ်သူမဆို မသန်စွမ်းအရေးကိစ္စနဲ့ပတ်သက်ပြီး နားလည်သင့်တယ်။ ဘယ်လိုဆောင်ရွက်မလဲဆိုတာမျိုးနည်းဗျူဟာရှိသင့်တယ်။ ချင်းပြည်နယ်မှာလောက် ထုတ်ပြန်ချက်များတာမရှိဘူး။ ကဏ္ဍပေါင်းစုံကနေပေါ့။ ဒါပေမယ့် အဲဒီမှာ မသန်စွမ်းအရေးနဲ့ပတ်သက်ပြီး တစ်ခါမှမပါဖူးဘူး။ ၂၀၁၉ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်က မသန်စွမ်းဦးရေအများဆုံးဖြစ်တယ်။ ဒါပေမယ့် ဒီကာလဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီရရှိမှုက အနည်းဆုံးအခြေအနေဖြစ်တယ်။ ဒါကြောင့် ချင်းအရေးဆောင်ရွက်တဲ့ ဘယ် State Holder မဆိုမသန်စွမ်းအရေးနဲ့ပတ်သက်ပြီး တက်တက်ကြွကြွဆောင်ရွက်သင့်တယ်လို့ထင်တယ်။ ဆောင်ရွက်တဲ့နေရာမှာဆိုရင်လည်း ကိုယ်ကိုယ်တိုင်မလုပ်တတ်ဘူးဆိုရင်လည်း မသန်စွမ်းအရေးနဲ့ပတ်သက်ပြီး သိကျွမ်းသူတွေနဲ့ပူးပေါင်းဆောင်ရွက်သင့်တယ်။ မိသားစုဝင်တွေနဲ့လည်းဆွေးနွေးသင့်တယ်။ ဒါမှပဲ မသန်စွမ်းအရေးနဲ့ပတ်သက်ပြီး သူတို့ရဲ့တကယ့်လိုအပ်ချက်ကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်မှာဖြစ်တယ်။
မေး။ ။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကဏ္ဍပေါင်းစုံက မသန်စွမ်းတိုးလာတာမျိုးရှိမယ်ထင်တယ်။ ဘယ်မသန်စွမ်းအမျိုးအစားက အရင်ကထက်ဘယ်လောက်ထိတိုးလာလဲ။
ဖြေ။ ။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ အသေးစိတ်စာရင်းလုပ်တာ၊ ပြုစုနိုင်တာတော့မရှိဘူး။ ဒါပေမယ့် တစ်ချို့နေရာမှာပြုစု တာတော့ရှိတယ်။ အဲဒီမှာကျွန်တော်တို့တွေ့ရတာကတော့ မသန်စွမ်းအမျိုးအစားတွေထဲမှာ ချင်းပြည်နယ်မှာဆိုရင် တိုက်ပွဲပဋိပက္ခရဲ့နောက်ဆက်တွဲဆိုးကျိုးကြောင့် ကိုယ်အင်္ဂါမသန်စွမ်းသူတွေကိုပိုတွေ့လာရတယ်။ ပြန်လည်ထူထောင် ရေးမှာဆိုရင်လည်း လက်လှမ်းမမီနိုင်တဲ့ အတားအဆီးတွေ ကြုံနေကြတာကိုတွေ့ရတယ်။
မေး ။ ။ ချင်းပြည်နယ်မှာ မသန်စွမ်းအရေးဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေရှိခဲ့တယ်။ သူတို့အနေနဲ့ကော လက်ရှိမှာ မသန်စွမ်းအရေးဆောင်ရွက်နိုင်တဲ့အနေအထားကဘယ်လိုရှိလဲ။
ဖြေ ။ ။ အရင်ကတော့ မသန်စွမ်းအရေးဆောင်ရွက်တဲ့ အရပ်ဖက်အဖွဲ့အစည်းဟာ တစ်ဖွဲ့တည်းမဟုတ်ပဲ အဖွဲ့အများကြီးရှိပါတယ်။ ကျွန်တော်သိသလောက်ဆိုရင် ချင်းပြည်နယ်ဖက်မှာအခြေစိုက်ခဲ့ကြတဲ့ မသန်စွမ်းကူညီရေးအဖွဲ့တွေကတော့ သူတို့ဘာမှလုပ်ငန်းရှေ့မဆက်နိုင်တော့ဘူးလို့သိရတယ်။
မေး ။ ။ မသန်စွမ်းသူတွေကိုပဲဖြစ်ဖြစ်၊ သူတို့နဲ့အနီးကပ်ဆုံးရှိတဲ့ အသိုင်းအဝိုင်းကိုပဲဖြစ်ဖြစ် ဆရာ့အနေနဲ့ ပြောချင်တာဘာများရှိလဲ။
ဖြေ။ ။ ပြောချင်တာကတော့ မသန်စွမ်းမှာ မွေးရာပါပဲဖြစ်စေ၊ မွေးပြီးနောက်ပိုင်းမှဖြစ်တဲ့ မသန်စွမ်းမှုဖြစ်လာတာဖြစ်စေ လူဖြစ်ရတာလျော့သွားတာမဟုတ်ဘူး။ လူသားဖြစ်နေတုန်းပဲ။ မသန်စွမ်းဖြစ်သွားလို့ ကျွန်တော်တို့ဘဝကမကုန်ဆုံးသွားဘူး။ တန်ဖိုးမလျော့သွားဘူး။ ကျွန်တော်တို့ရဲ့ဘဝကို ရှေ့ဆက်ရအုံးမယ့်သူတွေဖြစ်တယ်။ မသန်စွမ်းတွေကိုပဲဖြစ်ဖြစ်၊ မသန်စွမ်းရှိတဲ့မိသားစုဝင်ကိုပဲဖြစ်ဖြစ် အဲသလိုကျွန်တော်စိတ်ဓာတ်ခွန်အားပေးချင်ပါတယ်။ ဒုတိယအနေနဲ့ မသန်စွမ်းဖြစ်သွားတဲ့သူတွေအနေနဲ့ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့အရာလေးတွေရှိမယ်။ မသန်စွမ်းမဖြစ်ခင်လုပ်နိုင်တဲ့အရာနဲ့ မသန်စွမ်းဖြစ်သွားလို့ လုပ်နိုင်တဲ့အရာဆိုပြီး နည်းဟန်တော့ကွဲသွားတာမျိုးဖြစ်နိုင်တယ်။ ဒါကြောင့် ခွဲခြားဆက်ဆံတာမျိုးမရှိသင့်ဘူး။ လူကိုလူလိုပဲဆက်ဆံသင့်တယ်။ မသန်စွမ်းသူတွေကိုယ်တိုင်အနေနဲ့လည်း ကိုယ့်ဘဝကိုရှေ့ဆက်လျှောက်ရမှာဖြစ်ပါတယ်။



