
ဖေဖော်ဝါရီလ ၈ ရက်။
မလေးရှားနိုင်ငံမှာ ချင်းလူမျိုးတစ်ဦးနဲ့ ရခိုင်လူမျိုး (၇) ဦးတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က အွန်လိုင်းပေါ်ကနေ လိမ်ခေါ်ပြီးပြန်ပေးဆွဲခံရကာ ဖေဖော်ဝါရီ ၂ ရက်မှာ သူတို့ပြန်လည်လွတ်မြောက်လာပြီး သူတို့ကိုပြန်ပေးဆွဲခဲ့သူတွေဟာ မြန်မာနိုင်ငံက ၃ ဦးနဲ့ မလေးရှားနိုင်ငံသား ၃ ဦးတို့ ဖြစ်တယ်လို့ မလေးရောက် ချင်းလူမျိုးတွေဆီကနေ သိရပါတယ်။
မလေးရောက် ချင်းလူမျိုးတစ်ဦးက “ပြန်ပေးဆွဲခံရသူတွေထဲက ချင်းတစ်ယောက်က ချင်းပြည်နယ်ထဲက ဆမ်ထန်းလို့ပြောတယ် မြို့နယ်နာမည်တော့ မသိဘူး သူတို့ပြန်ပေးဆွဲခံရစဉ်က နှာခေါင်းတို့ ပါးစပ်တို့ နားရွက်တွေကို ပလာယာတွေနဲ့ လုပ်တယ်တဲ့ ခြေတွေလက်တွေကိုလည်း မီးခြစ်နဲ့ မီးရှို့တယ်တဲ့ ပြီးတော့ ကန်တာတွေရော ခံရတဲ့ ဒဏ်ရာတွေကြောင့် လက်ရှိဆေးကုသမှုခံယူနေကြရတယ် ပြန်ပေးဆွဲတဲ့ မြန်မာနိုင်ငံသား သုံးဦးကိုလည်း မလေးရဲတွေက ဖမ်းထားတယ်လို့ သိရ သူတို့ကို ပြန်ပေးဆွဲမှုတွေ ငွေညစ်တဲ့ပုဒ်မတွေနဲ့ တရားဆွဲထားတယ်လို့ပြောတယ်” လို့ပြောပါတယ်။
ချင်းလူမျိုးတစ်ဦးနဲ့ ရခိုင်လူမျိုး (၇) ဦးကို မလေးရှားနိုင်ငံ လန်ချားမြို့နယ်က လက်အိတ်စက်ရုံမှာ အလုပ်ရမယ်ဆိုပြီး လိုင်းပေါ်ကနေ လိမ်ခေါ်ကာ ပြန်ပေးဆွဲခဲ့တာဖြစ်ပြီး ပြန်ပေးဆွဲစဉ် နှိပ်စက်တာတွေလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မိသားစုတွေဆီဖုန်းဆက်ပြီး ပိုက်ဆံနဲ့ရွေးခိုင်းတာလို့ သိရပါတယ်။
ပြန်ပေးဆွဲခံရတဲ့ မိသားစုဝင်တွေဆီကို မလေးရှားငွေ ရင်းဂစ်တစ်သောင်း (မြန်မာငွေ ကျပ်လေးဆယ့်ခုနှစ်သိန်းကျော်) နဲ့ ပြန်ရွေးဖို့ ပြောလာစဉ် မိသားစုတွေကလည်း မလေးမှာရှိတဲ့ ချင်းဒုက္ခသည်ကော်မတီ (CRC )အဖွဲ့ကို ဆက်သွယ်အကူညီတောင်းပြီးနောက် ရဲစခန်းကို အမှုဖွင့်တိုင်ကြားခဲ့ကာ အရင်တစ်ခေါက်ကလည်း ပြန်ပေးဆွဲခံရစဉ် ထွက်ပြေးလွတ်မြောက်လာသူရဲ့ အကူညီနဲ့ ရှာဖွေကယ်ထုတ်နို်င်ခဲ့တယ်လို့ သိရပါတယ်။
မလေးရှားရောက်ချင်းလူမျိုးတစ်ဦးက “ CRC က ပြန်ပေးဆွဲတဲ့သူတွေကို ဖုန်းဆက်တဲ့အခါကြတော့ ငွေနဲ့ရွေးခိုင်းတယ် အဲဒီမှာ ဘဏ်ကောင့်ပေးတဲ့အခါကြတော့ အဲဒီမှာလူနာမည်က ပြီးခဲ့တဲ့တစ်ခေါက်ကလည်း ဗမာပြည်က အရှိုချင်းတစ်ယောက်ပြန်ပေးဆွဲခံရတယ် သူ့တုန်းက ထွက်ပြေးလို့ လွတ်မြောက်သွားတဲ့အဲဒီ အရှိုချင်းတစ်ယောက်နဲ့ ချိတ်ဆက်တဲ့အခါကြမှ အဲဒီတုန်းက ပြန်ပေးဆွဲခဲ့တဲ့သူနဲ့ အခုပြန်ပေးဆွဲတဲ့သူက အတူတူ ဖြစ်နေတယ် အဲ့ခါကြတော့ သူကိုပြန်ပေးဆွဲခဲ့တဲ့နေရာက တည်နေရာကိုထောက်ပြီးသွားကြည့်တဲ့အခါမှာ အခန်းတစ်ခုမှာ ရခိုင် (၇) ယောက်နဲ့ ချင်းတစ်ယောက်ကို အဲဒီမှာပြန်တွေ့တာပေါ့”လို့ပြောပါတယ်။
ပြန်ပေးဆွဲခဲ့တဲ့ ၆ ဦးကို မလေးရှားရဲက ဖမ်းဆီးရမိခဲ့ပြီး အဲဒီခြောက်ဦးထဲမှာ မြန်မာနိုင်ငံသားတွေ ၃ ဦးပါဝင်တယ်လို့ သိရပြီး ၎င်းတို့ကို ပြန်ပေးဆွဲမှု၊ ငွေညှစ်တောင်းမှုတွေနဲ့ တရားဆွဲထားတယ်လို့ သိရပါတယ်။