
ဖေဖော်ဝါရီလ ၁၈ ရက်။
လာမယ့် မတ်လ (၈) ရက်နေ့မှာကျင်းပမယ့် UFC 313 ပြိုင်ပွဲမှာ UFC ချင်းလူငယ်ဖိုက်တာ Joshua Van ရဲ့ပြိုင်ဘက် အပြောင်းအလဲဖြစ်ပြီး ဂျပန်ဖိုက်တာ Rei Tsuruyu နဲ့ ထိုးသတ်မှာဖြစ်တယ်လို့ သိရပါတယ်။
UFC ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ လာမယ့် မတ်လ ၈ ရက်နေ့ကျင်းပမယ့် UFC 313 ပြိုင်ပွဲမှာ နဂိုက အသက် ၃၅ နှစ်အရွယ် ဘရာဇီး ဖိုက်တာ Bruno Silva နဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ ပွဲတည်ပေးထားတာဖြစ်ပေမယ့် ပြိုင်ဘက်က နှုတ်ထွက်သွားလို့ ပြိုင်ဘက်အပြောင်းအလဲ ဖြစ်တာလို့သိရပါတယ်။
အသက် ၂၃ နှစ်အရွယ် UFC ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ ထိုးသတ်မယ့် အသက် ၂၂ နှစ်အရွယ် ဂျပန်ဖိုက်တာ Rei Tsuruyu ဟာ Road to UFC ပြိုင်ပွဲကနေ UFC ကို ရောက်လာသူဖြစ်ပြီး ဂျပန်ဖိုက်တာ စူရုယာဟာ အရပ်ပေ ၅ ပေ ၆ လက်မရှိသူ ဖြစ်ပြီး ဖိုက်တာဘဝမှာ ၁၀ ပွဲထိုး၊ ၁၀ ပွဲနိုင် ဆိုတဲ့ ရှုံးပွဲမရှိ စွမ်းဆောင်ထားသူတစ်ဦးဖြစ်ပြီး UFC ပြိုင်ပွဲမှာတော့ ၁ ပွဲထိုး၊ ၁ ပွဲနိုင်ထားသူလည်းဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် UFC ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ၊ဒီဇင်ဘာလ (၇) ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နီဗာဒါး ပြည်နယ်၊ လက်စ်ဗီးဂက်မြို့ရှိ T – Mobile Arena မှာ ကျင်းပခဲ့တဲ့ UFC ပြိုင်ပွဲ UFC 310 ပွဲမှာ အမေရိကန်ဖိုက်တာ Cody Durden နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး Joshua Van က Cody Durden ကို အမှတ်နဲ့အနိုင်ရခဲ့ကာ UFC Flyweight အဆင့် 14 နေရာမှာ ရပ်တည်ထားသူဖြစ်ပါတယ်။
မြန်မာပရိတ်သတ် အများအပြားကအားပေးနေတဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ UFC ပွဲပေါင်း ၆ ပွဲအထိထိုးသတ်ခဲ့ပြီဖြစ်ကာ UFC ၆ ပွဲမှာ ၅ ပွဲနိုင်၊၁ ပွဲရှုံးနဲ့ ရလဒ်ကောင်းပိုင်ဆိုင်ထားပါတယ်။