Headlines

မတူပီမြို့မှာပြန်လာနေထိုင်သူ တစ်ဖြည်းဖြည်းတိုးလာပြီး လက်ရှိ ၂၀၀၀ ဝန်းကျင် ပြန်လာနေထိုင်ပြီလို့ သိရ

ဖေဖော်ဝါရီလ ၅ ရက်။

ချင်းပြည်နယ်၊ မတူပီမြို့ကို ဒေသခံတွေ တဖြည်းဖြည်း ပြန်လာနေထိုင်ကြသလို လက်ရှိ လူဦးရေ အားဖြင့် ၂ ထောင်ဝန်းကျင်လောက် ပြန်လာနေထိုင်နေပြီလို့ မတူပီမြို့ကိုထိန်းချုပ်ထားတဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်ကပြောပါတယ်။

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က “လက်ရှိမတူပီမြို့ကို ပြန်လာနေထိုင်တာ ၂၀၀၀ လောက်ရှိပြီ ပြန်လာနေကြဆဲဖြစ်တယ်၊ တစ်ပတ် တစ်ပတ်ကိုလည်း လူဦးရေတိုးလာပါတယ်” လို့ ပြောပါတယ်။

၂၀၂၁ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က မတူပီမြို့ပေါ်မှာ လူဦး ရေ ၁ သောင်းခန့် နေထိုင်ကြောင်းသိရပါတယ်။

မနှစ် ၂၀၂၄ ခုနှစ်က မတူပီမြို့နယ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည်ဟာ ၅ ထောင်ကျော်ရှိခဲ့ပြီး အဲဒီထဲက ၃ ထောင်ကျော်ဟာ နီးစပ်ရာရွာတွေမှာ ခိုလှုံခဲ့ရပြီး ကျန်တဲ့ ၂ ထောင်ကျော်ကတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ စစ်ကောင်စီကင်းစင်တဲ့ မတူပီမြို့တွင်း မိုင်းရှင်းလင်းရေးနဲ့ပတ်သက်လို့လည်း လူနေတဲ့ နေရာတွေကိုတော့ မိုင်းရှင်းလင်းတာတွေ ပြီးပေမယ့် စစ်ကောင်စီတပ်စခန်း အနီးအနားတွေတော့ မိုင်းရှိနိုင်သေးတာဖြစ်လို့ ရာနှုန်းပြည့် ရှင်းလင်းနိုင်ခြင်းမရှိသေးတဲ့ အခြေအနေလို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က ပြောပါတယ်။

မတူပီမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) က မတူပီမြို့အုပ်ချုပ်စီမံရေးတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *