
ဖေဖော်ဝါရီလ ၁၄ ရက်။
မတူပီမြို့နယ်မှာ လမ်းတွေခဏပိတ်ခြင်းဟာ လေကြောင်းအန္တရယ်ကြောင့်ဖြစ်ကြောင်း CDF – Matupi (တပ်မဟာ – ၁) ပြောခွင့်ရှိသူ ကိုဘွေအုပ်ကပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်မှာ CDF – Matupi တပ်ရင်း (၃) ထိိန်းချုပ်တဲ့နေရာမှာ ၅ ကြိမ်မြောက် ကျင်းပပြုလုပ်မယ့် ဧရိယာ (၃) ပြည်သူ့အုပ်ချုပ်ရေး (လူထု)ညီလာခံကို တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ လူငယ်တွေကို ကျေးရွာခြင်းကြား ဆက်သွယ်သွားလာရာလမ်းမှာ ဂိတ်ချထားတဲ့ CDF – Matupi (တပ်မဟာ – ၁) က သွားလာဖြတ်သန်းခွင့် အကြောင်းမဲ့ ပိတ်ပင်တားဆီးခဲ့တာလို့ CDF – Matupi တပ်ရင်း (၃) နဲ့ ဧရိယာ (၃) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပူးတွဲထုတ်ပြန်ပါတယ်။
ဒီကိစ္စနဲ့ပက်သက်လို့ CDF – Matupi (တပ်မဟာ – ၁) ပြောခွင့်ရှိသူ ကိုဘွေအုပ်က “ဒီနှစ်အတွင်း မတူပီနယ်ထဲကို လေယာဉ်ခဏခဏလာကြဲလို့လုံခြုံရေးအရ အခုလို ၁၀ ရက်နေ့ကနေ CB နဲ့ CC ကြားက လမ်းတွေခဏပိတ်တာဖြစ်တယ်။ နောက်ပြီး CC မှာပါဝင်တဲ့ တပ်ရင်း – ၃ ဖက်က ညီလာခံ လုပ်မယ်ဆိုတာလည်း ကျနော်တို့ သိမထားဘူး ကျနော်တို့ဆီလည်း ပြောထားတာလည်း မရှိဘူး” လို့ပြောပါတယ်။
မတူပီမြို့နယ်၊ ဧရိယာ (၃) CDF – Matupi တပ်ရင်း (၃) ကိုင်ဆီးတပ်ရင်း ထိန်းချုပ်နယ်မြေရှိ ပြည်သူလူတွေဟာ ကျေးရွာချင်းချင်းကြား ဆက်သွယ်ဖြတ်သန်းသွားလာရာမှာ CDF – Matupi တပ်မဟာ (၁) ထိန်းချုပ်နယ်မြေကို ဖြတ်သန်းနေရပြီး ဂိတ်များတွင် အမျိုးမျိုးစစ်ဆေးမှု၊ ခြိမ်းခြောက်မှုတွေပြုလုပ်တာတွေကြောင့် မိမိထိန်းချုပ်နယ်အတွင်း မိဘပြည်သူတွေ ကျေးရွာအချင်းချင်းကြား သွားလာဆက်သွယ်နိုင်ရေးအတွက် လူသွားလမ်းကို ဆိုင်ကယ်လမ်းအဖြစ် ကိုယ်ထူကိုယ်ထ ပြုပြင်ဖောက်လုပ်ခဲ့ကာ အဆိုပါ အသစ်ဖောက်တဲ့ လမ်းမှာ CDF – Matupi (တပ်မဟာ – ၁) ကဂိတ်ချကာ သွားလာဖြတ်သန်းခွင့် အကြောင်းမဲ့ ပိတ်ပင်တားဆီးခဲ့တာလို့ CDF – Matupi တပ်ရင်း (၃) နဲ့ ဧရိယာ (၃) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတာဖြစ်ပါတယ််။
ဧရိယာ (၃) ပြည်သူ့အုပ်ချုပ်ရေး (လူထု)ညီလာခံကိုပျက်ပြားစေတဲ့ CDF – Matupi (တပ်မဟာ – ၁) လုပ်ရပ်ပေါ် ရှုတ်ချတဲ့အကြောင်းနဲ့ နောက်နောင်ဖြစ်လာမယ့် မျိုးနွယ်စု ပြဿနာနဲ့ တစ်စုံတစ်ခုသော ပြဿတွေကို CDF – Matupi (တပ်မဟာ – ၁) အမိန့်ပေးတာဝန်ရှိသူတွေ တာဝန်ခံရမှာဖြစ်တယ်လို့လည်း CDF – Matupi တပ်ရင်း (၃) နဲ့ ဧရိယာ (၃) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပူးတွဲ့ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ မတူပီမြို့နယ်အတွင်း ချင်းညီနောင်(CB)အဖွဲ့ဝင် CDF – Matupi (တပ်မဟာ – ၁) နဲ့ Chinland Council အဖွဲ့ဝင်တွေ ဖြစ်တဲ့ CDF – Matupi (တပ်မဟာ – ၂) ၊ တို့အကြား ပွတ်တိုက်မှုတွေ မကြာခဏဖြစ်လေ့ရှိနေပါတယ်။