
ဖေဖော်ဝါရီလ ၂၆ ရက်။
စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း အရပ်သားပြည်သူတွေဆီမှာ လက်နက်/ခဲယမ်းရှိပါက နီးစပ်ရာတပ်ရင်းတပ်ဖွဲ့တွေထံ မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထားအပ်နှံကြဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် (CDF – Mindat) က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် (CDF – Mindat) ထိန်းချုပ်နယ်မြေတွင်းနေထိုင်တဲ့ ကြတဲ့ အရပ်သားပြည်သူတွေအနေနဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ကစဉ့်ကလျားထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထံကနေ ရရှိတဲ့လက်နက်ခဲယမ်းတွေဖြစ်စေ အခြားတစ်နည်းနည်းဖြင့် ရရှိတဲ့ လက်နက်ခဲယမ်းတွေဖြစ်စေ တိုက်ခိုက်ရေးမောင်းပြန် (Assault Rifly) နဲ့ အခြားလက်နက်ခဲယမ်းတွေကို နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့တွေထံ လာမယ့် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားအပ်နှံပြီး သတ်မှတ်ထားတဲ့ဆုကြေးနဲ့ တန်ဖိုး (ဝယ်ယူကြောင်းခိုင်လုံမှုရှိပါက) ထုတ်ယူနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။
အကယ်၍သတ်မှတ်ရက်ကျော်လွန်ပြီး လက်နက်ခဲယမ်းတွေကိုကိုင်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းတွေပြုလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူတာ ခံရမယ်လို့လည်း CDF – Mindat ကထုတ်ပြန်ထားပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် (CDF – Mindat) အနေနဲ့ မိမိ၏ ထိန်းချုပ်နယ်မြေအတွင်း လက်နက်ခဲယမ်း ထိန်းချုပ်နိုင်ရေး၊ ပြည်သူလူထုကို လက်နက်ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်း၊ အန္တရယ်မှကာကွယ်နိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄၊ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ မင်းတပ်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ မင်းတပ်မြို့တွင်း ပြည်သူတွေပြန်လည်ဝင်ရောက်နေထိုင်ခွင့်ကိုလည်း ၂၀၂၅၊ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့ ခွင့်ပြုလိုက်ကြောင်း CDF – Mindat က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။


