Headlines

မင်းတပ်မြို့တွင်း ပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုတော့မယ်လို့ CDF – Mindat အသိပေးထုတ်ပြန်

ဖေဖော်ဝါရီလ ၉ ရက်။

မင်းတပ်မြို့အတွင်း ပြည်သူတွေကိုပြန်လည်ဝင်ရောက်နေထိုင်ခွင့် ပြုတော့မှာဖြစ်ကြောင်း၊မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်မည့် အများပြည်သူလိုက်နာရမည့်စည်းကမ်းချက်တွေနဲ့အတူ မင်းတပ််မြို့ကိုထိန်းချုပ်ထားတဲ့ Chin Defence Force – Mindat (CDF – Mindat )က ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။

မင်းတပ်မြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်မယ့် ပြည်သူတွေအနေနဲ့ မြို့/တိုက်နယ် အုပ်ချုပ်ရေးမှူး (သို့မဟုတ်) ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (သို့မဟုတ်)ကျးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့သာ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ မြို့သိမ်းတိုက်ပွဲကာအတွင်း တော်လှန်ရေးရန်ပုံငွေအဖြစ် မိမိတို့ ထည့်ဝင်ကြောင်း ထောက်ခံချက်ကို မိမိနေထိုင်ရာမှာ ရပ်ကွက်၊ ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးဆီမှာ အခမဲ့တောင်းယူနိုင်ကြောင်းနဲ့ အဲဒီထောက်ခံချက်တွေ ပြသနိုင်သူတွေကိုသာ မြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမှာဖြစ်ပြီး တော်လှန်ရေးရန်ပုံငွေ မထည့်ဝင်ရသေးသူတွေအနေနဲ့လည်း မြို့ဝင်ဂိတ်တွေမှာ တော်လှန်ရေးရံပုံငွေထည့်ဝင်ကာ ဖြတ်ပိုင်းနဲ့ မြို့တွင်း ပြန်လည်ဝင်ရောက်ခွင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြို့တွင်းပြန်လည်နေထိုင်မယ့်သူတွေအနေနဲ့လည်း အပတ်စဉ် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တွေမှာသာ မနက်ခြောက်နာရီကနေ ညနေခြောက်နာရီအတွင်း မြို့တွင်းမြို့ပြင် ဝင်ထွက်သွားလာခွင့် ပြုမှာဖြစ်ပြီး မင်းတပ်မြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်မည့်သူတွေ လိုက်နာရမယ့် စည်းကမ်းချက် (၁၂) ချက်ကိုလည်း ထုတ်ပြန်ထားပါတယ်။

ကုန်စည်သယ်ပို့ဆောင်တဲ့ ကုန်တင်ကားတွေအနေနဲ့လည်း အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တွေကလွဲရင် ကျန်နေ့ရက်တွေမှာ မနက် (၆) နာရီကနေ ညနေ (၆) နာရီအတွင်း မြို့ဖြတ်သန်းသွားလာခွင့်ပြုမှာဖြစ်ပြီး မြို့ကို ဖြတ်သန်းသွားလာမယ့် ကုန်ဆည်သယ်ယူပို့ဆောင်မယ့် ကုန်တင်ကားမောင်းသူတွေ လိုက်နာရမယ့် စည်းကမ်းချက် (၉) ချက်ကိုလည်း ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ မင်းတပ်မြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *