Headlines

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မှ ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်းမှ နေရပ်စွန့်ခွာပြည်သူများ အတွက် ၁ ဦးလျှင် ၁ လ ကျပ် ၂ သောင်း ထောက်ပံ့ငွေ စတင်ပေးအပ်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်မှာ နေပြည်တော်မှာ ပြုလုပ်တဲ့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားမှာ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ချင်းပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ထံသို့ နေရပ်စွန့်ခွာသူများ အတွက် ၁ လ လျှင် ကျပ် ၂ သောင်း ထောက်ပံ့ငွေများ စတင် ပေးအပ်ခဲ့ ကြောင်း၊ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို တစ်ဦးလျှင် တစ်လငွေကျပ် ၂ဝဝဝဝ နှုန်းဖြင့် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း၊ စစ် ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

အခမ်းအနားမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မှ နေရပ်စွန့်ခွာသူများ ထောက်ပံ့ငွေ ပေးခြင်း နှင့် ပတ်သက်ပြီး “သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အကြမ်းဖက်မှု၊ လက်နက်ကိုင်သောင်းကျန်းမှုဖြစ်ပွားခြင်းကြောင့် ပြည်သူများ၏ ဆုံးရှုံးမှုများသည်လည်း သဘာဝဘေးအန္တရာယ် သတ်မှတ်ချက်များတွင် အကျုံးဝင်သောကြောင့် နိုင်ငံတော်အနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို တစ်ဦးလျှင် တစ်လငွေကျပ် ၂ဝဝဝဝ နှုန်းဖြင့် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ သဘာဝဘေးစီမံခန့်ခွဲမှု ရန်ပုံငွေစာရင်းအမှတ်များသို့ လွှဲအပ်ပေးသွားမည်၊ထောက်ပံ့ငွေများ ပေးအပ်ရာတွင် သက်ဆိုင်ရာနယ်မြေများအလိုက် ယာယီနေရပ်စွန့်ခွာနေရသူများ အားလုံးပါဝင်မှုရှိစေရေး၊ စာရင်းတွင်မပါဝင်ဘဲ ကျန်နေခဲ့ရသူများ မရှိစေရေး၊ စနစ်တကျ ထိထိရောက်ရောက်ထောက်ပံ့ပေးအပ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုကောက်ယူရရှိထားသည့် စာရင်းတွင်မပါဝင်ဘဲ ထပ်မံကောက်ယူရရှိလာမည့် ယာယီနေရပ်စွန့်ခွာနေရသူများ၏ စာရင်းကိုလည်း စိစစ်ကောက်ယူ၍ ထပ်မံတင်ပြတောင်းခံသွားရန်နှင့် စနစ်တကျစိစစ်ထောက်ပံ့ပေးသွားရန်လိုကြောင်း” ပြောဆိုခဲ့ ပါတယ်။

ချင်းပြည်နယ်မှာ ၂၀၁၄ သန်းခေါင် စာရင်း အရ လူဦးရေ ၄၇၈,၈၀၁ ဦးရှိပြီး ၂၀၂၄ သန်းခေါင်စာရင်း မှာ လူဦးရေ ၃၇၃,၀၂၄ ဦး ရှိကာ လူဦး ရေ ၁ သိန်း ကျော်လျော့နည်း နေခဲ့ ပါတယ်။ ၂၀၂၀ ခုနှစ် ချင်းပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ ချင်းပြည်နယ်မှာ လူဦးရေ ၅၂၀,၀၃၂ ရှိတယ်လို့ ဖော်ပြခဲ့ ပါတယ်။ ချင်းပြည်နယ်မှ စစ်ဘေးရှောင်၊ နေရပ် စွန့်ခွာသူ အများစု ခိုလှုံရာ ဖြစ်တဲ့ ချင်းတောင်ခြေရှိ ကလေးမြို့မှာ တော့ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွင် လူဦးရေ ၃၄၈,၅၇၃ ဦး ရှိရာမှ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းတွင် ၅၃၇,၄၁၄  ဦး ရှိကြောင်းဖော်ပြခဲ့ကာ လူဦးရေ ၁ သိန်း ၆သောင်း ကျော် တိုးတက်ခဲ့ကြောင်း တွေ့ရှိခဲ့ ပါတယ်။ 

ချင်း လူ့အခွင့်အရေး အဖွဲ့ (CHRO) ကတော့ ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ ချင်းပြည်နယ်က နေ ပြည်တွင်း နှင့် အိမ်နီးချင်း နိုင်ငံများသို့ စစ်ဘေးရှောင် နေရသူ လူဦး ရေ နှစ်သိန်းခွဲ ခန့် ရှိတယ် လို့လည်း ဖော်ပြခဲ့ပါတယ်။ 

မြန်မာနိုင်ငံ တစ်ဝှမ်းမှာ မြန်မာ့ တပ်မတော် နှင့် လက်နက်ကိုင် အင်အားစုများ အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသူ စုစုပေါင်း ၃ သန်းကျော် ရှိတယ်လို့ UNOCHA က ထုတ်ပြန်ထား ပါတယ်။

  ဇန်နဝါရီလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးမှာစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ အရ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ကျရောက်မှုတွင် ပါဝင်သည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက်လည်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် ပြောကြား ပြီး နောက်ပိုင်း အခုလို ထောက်ပံ့ ငွေ ပေးလာတာ လည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *