Headlines

ပလက်ဝမြို့နယ်က ကျေးရွာတချို့မှာ လူငယ်တွေကို AA က စစ်မှုထမ်းဖို့ ခေါ်ဆောင်တာတွေ ရှိနေလို့ ဒေသခံလူငယ်တွေ စိုးရိမ်နေရ

ဖေဖော်ဝါရီလ ၂၄ ရက်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝဒေသက ချင်းလူမျိုးအပါအဝင် ရခိုင်လူငယ် ၅၂ ဦးကို စစ်မှုထမ်းဖို့ အာရက္ခတပ်တော်AA ခန့်အုပ်ချုပ်ရေးမှူးတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ခေါ်ဆောင်သွားတာတွေ လုပ်ခဲ့ပြီးနောက် ဒေသခံလူငယ်တွေ စိုးရိမ်ပူပန်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ရှင်းလက်ဝမှာရှိတဲ့ AA ခန့်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပလက်ဝမြို့ကနေ အုပ်ချုပ်ရေးမှူးတွေလာမယ်ဆိုပြီး လမ်းတွေကိုလည်း ၃ ရက်ပိတ်တယ် ပလက်ဝမြို့က လာတဲ့ အုပ်ချုပ်ရေးမှူးတွေ ၂၁ ရက်နေ့မှာ ရောက်လာတယ် နောက်ပြီး အမျိုးသား ၁၈ ကနေ ၄၅ အရွယ်တွေ စစ်မှုထမ်းဖို့ အစည်းဝေးလုပ်ပြီး အမိန့်ထုတ်တယ် အဲဒီနေ့မှာဘဲ ချင်းလူငယ်နဲ့ ရခိုင်လူငယ် ၅၂ ဦး ကိုလည်း စစ်မှုထမ်းဖို့ ဖမ်းဆီးသွားတယ်၊ ၂၅ ရက်နေ့မှာ ထပ်လာပြီး စစ်မှုထမ်းဖို့ လူစုသွားမယ်လို့လည်းပြောတယ် အမျိုးသမီးတွေကိုလည်း ၁၈ ကနေ ၃၅နှစ်အတွင်း ခေါ်မယ်လို့ ကြားတယ် ရွာကလူငယ်တွေက ကြောက်ကြတာပေါ့ အခုဆို အိန္ဒိယဘက် ထွက်ပြေးဖို့လုပ်နေကြတာတွေလည်းရှိတယ် ကြောက်ကြတယ်လေ” လို့ပြောပါတယ်။

လက်ရှိမှာလည်း ပလက်၀မြို့နယ်ထဲမှာ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူတွေက ကျေးရွာလမ်းတွေကို ပြန်ဖွင့်ပေမယ့် အရင်လိုလွတ်လွတ်လပ်လပ် သွားလာခွင့်တွေကိုတွေကို ပိတ်ပင်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ပလက်ဝမြို့နယ်ရဲ့ ကုလားတန်မြစ်အထက်ပိုင်းမှာရှိတဲ့ ရှင်းလက်ဝဒေသဟာ မြန်မာ – အိန္ဒိယနှစ်နိုင်ငံ နယ်စပ်နားမှာတည်ရှိတဲ့ ကျေးရွာဖြစ်ပြီး အိန္ဒိယကို ရေလမ်း၊ ကုန်းလမ်းတွေနဲ့ အလွယ်တကူသွားလာလို့ ရတဲ့ နေရာဖြစ်ပြီး အိမ်ခြေအားဖြင့်လည်း ၄၀၀ ကျော် ၅၀၀ နီးပါးရှိတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးသိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် အုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်း ဆက်လက်ဖော်ဆောင်ကာ ထိန်းချုပ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *