Headlines

စစ်မှုထမ်းဖို့အတွက် ကလေးမြို့နယ်မှာ လူငယ် ၁၈၅ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းဖို့အတွက် စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှာ လူငယ် ၁၈၅ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒီကနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် (၆) မှာ လူဦးရေ ၄၅ ထက်မနည်း၊ အပတ်စဉ် (၇)မှာ ၅၀ ဦးထက်မနည်း၊ အပတ်စဉ် (၈) မှာ လူဦးရေ ၃၀ ဦးထက်မနည်း နဲ့ အပတ်စဉ် (၉)မှာ ၆၀ ဦးထက်မနည်း စုစုပေါင်း ၁၈၅ ဦးထက်မနည်း မတရားဖမ်းဆီးခံခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရတဲ့ လူငယ်အရေအတွက်စာရင်းကို ချင်းပြည်နယ်ရှေ့တန်းစစ်မြေနှာပြင်၊ ရခိုင်ရှေ့တန်းစစ်မျက်နှာပြင် အချက်အလက်တွေအရ စာရင်းပြုစုထားပြီး မြေပြင်အချက်အလက်က ဒီထက် ပိုများနိုင်တယ်လို့လည်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ၂၀၂၅ ၊ဇန်နဝါရီလ ၁ ရက်နေ့က ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီနဲ့ အပေါင်းပါ လူတစ်စုက ပြဌာန်းခဲ့ပြီး ထိုဥပဒေကြောင့်လည်း မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီထိန်းချုပ်တဲ့ မြို့ပြ ကျေးလက်လမ်းမပေါ်တွေမှာ ဖုန်းများအားစစ်ဆေးကာ အကြောင်းပြချက်မခိုင်လုံတဲ့ စွပ်စွဲချက်တွေနဲ့ လူငယ်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့သလို ကလေးဒေသအတွင်းမှာလည်း မြို့ပြရပ်ကွက်များသာမက ဘာသာရေး အဆောက်အအုံ ပရဝုဏ်များအထိပါ လူငယ်များကို အကြောင်းမဲ့ ဖမ်းဆီးတဲ့ ဖြစ်စဉ်တွေကိုလည်း ပိုတွေ့ရတယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းစုဆောင်းတာတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ကစလို့ စစ်မှုထမ်းအပတ်စဉ် ၁ စတင်ခဲ့ကာ လက်ရှိမှာလည်း အပတ်စဉ် ၉ အထိ သင်တန်းပေးနေပြီဖြစ်ပြီး အပတ်စဉ် ၁၀ အတွက် လူသစ်စုဆောင်းတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *